
Pika (NP News)-နိုဝင်ဘာ ၁၃
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ အိမ်ဖြူတော်အနီးမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁)ဦးသေဆုံးကာ အခြားလူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ယာယီရဲချုပ် ဂျက်ဖရီကာရိုးကပြောကြားခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုက အိမ်ဖြူတော်နဲ့ (၁၅)မိနစ်လောက်သာလမ်းလျှောက်ရတဲ့အကွာအဝေးနေရာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဂျက်ဖရီကာရိုးကပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း သေနတ်သမားက gymတစ်ခုမှာ လူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် ၎င်းရဲ့တိုက်ခန်းသွားပြန်သွားကာ လသာဆောင်ကနေ အခြားလူ(၄)ဦးကို ရိုင်ဖယ်သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
မျက်မြင်သက်သေတစ်ဦးက”စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လူတစ်ယောက်က နေရာမှာတင်ချက်ချင်သေဆုံးသွားခဲ့ပါတယ်။သေနတ်သမားက လည်ပင်းကို သေနတ်နဲ့ပစ်လိုက်တာကြောင့် ချက်ချင်းပဲသေဆုံးသွားခဲ့တာပါ”လို့ပြောဆိုခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တိုက်ခန်းအဆောက်အအုံတစ်ခုပတ်ဝန်းကျင်က အဆောက်အအုံတွေရဲ့ ခေါင်မိုးတွေပေါ်မှာ နေရာယူထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အခြားဗီဒီယိုဖိုင်တစ်ခုမှာတော့ ဒိုင်းကာတွေကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တိုက်ခန်းအဆောက်အအုံတစ်ခုအနီးကို ချဉ်းကပ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။