
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
တရုတ်နိုင်ငံမှာ အွန်လိုင်းဘောလုံးလောင်းကစားလုပ်ငန်းနဲ့ အလိုရှိနေတဲ့ အသက် ၄၁ နှစ်အရွယ် တရုတ်နိုင်ငံသား လျူဆိုသူကို နိုဝင်ဘာ ၁၂ ရက်က ဘန်ကောက်မြို့ ဆူခွမ်ဝစ်-အက်ကမိုင်အနီးက convenience store တစ်ခုမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
လူဝင်မှုကြီးကြပ်ရေးရဲတွေက သူနေထိုင်တဲ့ အဆင့်မြင့်ကွန်ဒိုကို ၅ ရက်ကြာ စောင့်ကြည့်ပြီးနောက် အစားအသောက်နဲ့ လိုအပ်တာတွေ ဝယ်ဖို့ အပြင်ထွက်လာချိန်မှာ ဖမ်းဆီးခဲ့တာပါ။ ဒီအမှုဟာ တရုတ်သံရုံးက ထိုင်းရဲတပ်ဖွဲ့ နိုင်ငံခြားရေး ဌာနကတစ်ဆင့် သတင်းပေးခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ လျူဟာ တရုတ်နိုင်ငံမှာ Huangguan Internet ဆိုတဲ့ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက် ကို လုပ်ကိုင်ခဲ့ပြီး သုံးစွဲသူအကောင့် ၄ , ၀၀၀ ကျော်နဲ့ ငွေကြေးလည်ပတ်မှု ဘတ် ၅၀ ဘီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
လျူက အစပိုင်းမှာ ဘောလုံးပွဲတွေကို အွန်လိုင်းကနေ လောင်းကစားတဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်း ဘောလုံး လောင်းကစားဝက်ဘ်ဆိုက်တစ်ခုမှာ ပါဝင်လုပ်ကိုင်ရာကနေ နောက်ဆုံးမှာ ပိုင်ရှင်ဖြစ်လာ ခဲ့တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။
သူဟာ ထိုင်းနိုင်ငံကို တရားဝင်ဗီဇာနဲ့ ဝင်ရောက်လာပြီး အာရုံမစိုက်ခံရအောင် ကွန်ဒိုမှာပဲ အေးအေးဆေးဆေး နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းရဲတွေကတော့ သူ ထိုင်းနိုင်ငံကို ဘယ်အချိန်က ရောက်လာတယ်၊ ဘယ်လောက်ကြာ နေထိုင်ခဲ့တယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။
ဖမ်းဆီးပြီးနောက် လျူကို လူဝင်မှုကြီးကြပ်ရေးဌာနထံ လွှဲပြောင်းထားပြီး တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သူ့ကို ထပ်မံတရားစွဲ ဆိုမလားဆိုတာတော့ ရဲတပ်ဖွဲ့က မပြောသေး ပါဘူး။
Ref – Thaiger