NP News

ဥရောပခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန် ရုရှားသမ္မတ အမြဲတမ်းတံခါးဖွင့်ထားဟုဆို

ဂျန်ဇက် (NP News)-နိုဝင်ဘာ ၁၃
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဥရောပခေါင်းဆောင်များနှင့် ဆွေးနွေးရန် အမြဲတမ်း တံခါးဖွင့်ထားကြောင်း ပြောကြားလေ့ရှိသည်ဟု ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကပြောဆိုလိုက်သည်။
ယူအေအီးနိုင်ငံအဘူဒါဘီ မြို့တွင် ကျင်းပခဲ့သော ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဒုတိယနေ့ ပြီးဆုံးပြီး မကြာမီမှာပင် ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံရန် ယူအေအီး (UAE) သို့ လာရောက်ခဲ့ကြသော ဥရောပကိုယ်စားလှယ်များကိုမူ အဆိုပါ စေ့စပ်ညှိနှိုင်းမှုများတွင် ထည့်သွင်းခဲ့ခြင်း မရှိကြောင်းသိရသည်။
ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က "ဥရောပသားတွေ အပါအဝင် လူတိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့ တံခါးဖွင့်ထားတယ်ဆိုတာကို သမ္မတပူတင်က အမြဲတမ်း ရပ်တည်ပြောဆိုခဲ့သလို ဆက်လက်ပြီးတော့လည်း ရပ်တည်နေဆဲပါထိတွေ့ဆက်ဆံမယ့်သူတွေထဲမှာ ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ် လည်း ပါဝင်ပါတယ်'' ဟုပြောသည်။
ကာလရှည်ကြာ ရပ်ဆိုင်းနေခဲ့သော ဘာလင်-မော်စကို ဆက်သွယ်မှုများကို လာမည့် G20 ထိပ်သီးအစည်းအဝေးတွင် ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ် က မကြာသေးမီက အကြံပြုပြောကြားခဲ့သည်။
၎င်းက '' "တကယ်လို့ ပူတင် သာ အဲဒီမှာ ရှိနေမယ်ဆိုရင် သူနဲ့ စကားပြောခွင့်ရမယ့် အခွင့်အရေးကို ကျွန်တော် ရှောင်ဖယ်နေမှာ မဟုတ်ပါဘူး" ဟုပြောကြားခဲ့သည်။
သို့သော် ပြီးခဲ့သည့်လက အတ္တလန်တာမြို့တွင် ကျင်းပခဲ့သော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူးလ်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် နှင့်အတူ အစဉ်အလာအတိုင်း အဖွဲ့လိုက် ဓာတ်ပုံရိုက်ကူးမှုတွင် ပါဝင်ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။
အီးယူ (EU) နှင့် ဗြိတိန်ကိုယ်စားလှယ်များသည် ယူကရိန်း သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများတွင်အကြိမ်တိုင်းတွင် ဘေးဖယ်ခံထားရသော်လည်း ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ၎င်းတို့ နေရာတစ်နေရာ ရထိုက်ကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။
ရုရှားသမ္မတ၏ အကြံပေးနှင့် ဆွေးနွေးပွဲဆိုင်ရာ အကြီးအကဲ ညှိနှိုင်းရေးမှူး ဗလာဒီမာ မီဒင်စကီး က ယူကရိန်းကို ကျောထောက်နောက်ခံပြုနေသော အနောက်ဥရောပနိုင်ငံများသည်ယူကရိန်းပြည်သူများအပေါ် စုပေါင်းလှည့်ဖြားမှုကို လုပ်ဆောင်နေကြသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
၎င်းက '' "သူတို့ဟာ စစ်ဖြစ်ပွားနေတဲ့ ဘက်တစ်ဖက်တည်းကို ငွေကြေးထောက်ပံ့ပြီး လက်နက်တွေ ပေးပို့နေတာဟာ အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးမှုကို ထိထိရောက်ရောက် အားပေးကူညီနေတာပါပဲ" ဟုပြောသည်။

မူရင်းသတင်း — NP News