
သန့်ဇင်(NP News)-နိုဝင်ဘာ ၁၃
ရန်ကုန်မြို့တွင် YREO အသင်း အခြေပြုရာ အထက(၁)လမ်းမတော်ကို အကယ်ဒမီအဆင့် ရောက်ရန်ကြိုးပမ်းမည်ဖြစ်ကြောင်း နိုင်ဝင်ဘာ ၁၂ ရက်က နိုဗိုတယ် ရန်ကုန်မက်စ်၌ ကျင်းပခဲ့သည့် မြန်မာ့အမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အရ သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)မှ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အမျိုးသမီးဘောလုံး ကော်မတီဥက္ကဋ္ဌဒေါ်ခင်စံပယ်ကြည်၊ MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် အမျိုးသမီးဘောလုံး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အသင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၇ ခုနှစ်အတွင်း နိုင်ငံတကာပွဲများအတွက် ပြင်ဆင်ရေး ကိစ္စများအား နည်းပြချုပ် ကောလင်းဘဲလ်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ လေ့ကျင့်မှု အစီအစဥ်များအား ကောင်းမွန်စွာပြုလုပ်နိုင်ရေးအတွက် ကစားသမားများ အနေဖြင့် အားအင်ဖြစ်ထွန်းစေမည့် အစားအစာများကို ဦးစားပေးစားသောက်ရန်လည်း ၎င်းက ဆိုသည်။
အလားတူ ကစားသမားများ အာဟာရ စားသောက်မှုပုံစံ ပြုပြင်ဖြည့်ဆည်း ဆောင်ရွက်ရေး၊ လေ့ကျင့်ရေး နှင့် ပြိုင်ပွဲကာလအတွင်း အသင်းများ ကြံ့ခိုင်မှုပြည့်ဝစေရန် နည်းစနစ်မှန်ကန်စွာ ကျွေးမွေးနိုင်ရေးတို့အား အာဟာရကျွမ်းကျင်ပညာရှင် (Nutritionist) ဒေါက်တာ အောင်ဇော်ထွန်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မျိုးဆက်သစ် အမျိုးသမီး ကစားသမား ရရှိရန် Scouting လူရွေးချယ်ပွဲများ ဆောင်ရွက်သကဲ့သို့ အမျိုးသမီး လူငယ်ပြိုင်ပွဲ များလည်း ကျယ်ပြန့်စွာ ပြုလုပ်ရန်လိုကြောင်း တွဲဖက်နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးက ဆိုသည်။
ထို့နောက် အစည်းဝေးတက်ရောက်လာသူများက နိုင်ငံတကာတွင် ယူ၁၅ အဆင့်အထိ အမျိုးသမီး ပြိုင်ပွဲများ ကျင်းပနေကြပြီဖြစ်ရာ ယူ၁၂၊၁၃၊၁၄ အရွယ် အမျိုးသမီး ပြိုင်ပွဲများကိုလည်း ကျင်းပရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူငယ်အရင်းအမြစ်များ ရှိသည့် ကျောင်းအခြေပြု ပြိုင်ပွဲများ ပြုလုပ်မှသာလျင် နိုင်ငံလက်ရွေးစင် အသင်းအတွက် အားကိုးရမည့် ကစားသမားများ ရရှိလာနိုင်မည်ဖြစ်ရာ သက်ဆိုင်ရာ ပညာရေး၊ အားကစား ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ အမျိုးသမီး ဘောလုံးနည်းစနစ် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ မန္တလေးတွင် အမျိုးသမီး အကယ်ဒမီရှိနေပြီး ဖြစ်ရာ ရန်ကုန်တွင်လည်း YREO အသင်း အခြေပြုရာ အထက(၁)လမ်းမတော် ကိုလည်း အကယ်ဒမီအဆင့်ကဲ့သို့ ရောက်ရှိရန် ကြိုးပမ်းသွားမည်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တက်ရောက်လာသူများကလည်း အား/ကာ သိပ္ပံကျောင်းများတွင် အမျိုးသမီးဘောလုံး နည်းစနစ်ပိုင်း ကူညီမြှင့်တင်ပေးရေး ကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။