Myanmar Transparency News

ဂျာမနီနဲ့ အမေရိကန်သံရုံးပူးပေါင်းပြီး အမေရိကန်ကလပ်က Oktoberfest ပွဲတော်မှာ “O’zapft is!” ဘီယာစည်ကြီး ဖွင့်လှစ်၊ တစ်ဦးချင်း ကျပ် ၃၅၀၀၀၀ နဲ့ မနက်ဖြန် ပွဲတက်နိုင်တယ်လို့ပါ ဂျာမနီသံရုံး ကြေညာရောင်းချ

သက်တံ့
၁၃. ၁၁. ၂၀၂၆

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနဲ့ အမေရိကန်သံရုံးပူးပေါင်းပြီး အမေရိကန်ကလပ်မှာ ပြုလုပ်တဲ့ Oktoberfest ပွဲတော်မှာ “O’zapft is!” ဘီယာစည်ကြီး ဖွင့်လှစ်လိုက်သလို တစ်ဦးချင်း ကျပ် ၃၅၀၀၀၀ နဲ့ မနက်ဖြန် ပွဲတက်နိုင်တယ်လို့ပါ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ကြေညာရောင်းချနေပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ Oktoberfest ပွဲတော်ကြီးကို ဂျာမနီသံရုံးအကြီးအကဲ Mathias Licharz၊ အမေရိကန်သံရုံးအကြီးအကဲ Douglas E. Sonnek နဲ့ Deutsches Oktoberfest Yangon Association အဖွဲ့ရဲ့ ဥက္ကဋ္ဌ Alexander Bohusch တို့က အတူတကွ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန် ကလပ် (American Club) မှာ ဂျာမန်ဘီယာစည်ကို ဖွင့်လှစ်ပြီး ဘာဗေးရီးယားရိုးရာ ဘီယာခွက်ကြီးဖြစ်တဲ့ “Maß” (ဘီယာတစ်လီတာဆံ့ခွက်) နဲ့ ပထမဆုံး ဘီယာကို အတူတကွ သောက်သုံးရင်း ပွဲတော်ကို စတင်ခဲ့ကြတာပါ။

ပွဲတော်ကို လာရောက်သူတွေကလည်း ဂျာမန်ဝက်အူချောင်း၊ ဂေါ်ဖီချဉ် (Sauerkraut) စတဲ့ ရိုးရာအစားအသောက်တွေကို မြည်းစမ်းရင်း ဘာဗေးရီးယားတေးဂီတအဖွဲ့ Münchner Xindl ရဲ့ Oktoberfest ရိုးရာတေးဂီတဖျော်ဖြေမှုတွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

ဒီနှစ် ရန်ကုန် Oktoberfest ပွဲတော်ဟာ မိတ်ဆွေချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဖလှယ်မှုနဲ့ လူတိုင်းကို နွေးထွေးပျော်ရွှင်စွာ ပေါင်းစည်းပေးတဲ့ ဂျာမန်ရိုးရာ “Gemütlichkeit” ဆိုတဲ့ စိတ်ဓာတ်ကို ဖော်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဒီနေ့အတွက် လက်မှတ်တွေ ကုန်သွားပြီ ဆိုပေမယ့် မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်၊ စနေနေ့အတွက် တဦးချင်းဝင်ခွင့်လက်မှတ်တွေနဲ့ စားပွဲလိုက်လက်မှတ်တွေကို ဝယ်ယူနိုင်သေးတယ်လို့ သိရပြီး ဒီပွဲတော်အတွက် လူတစ်ဦးချင်း ၃၅၀၀၀၀ ကျပ်၊ စားပွဲတစ်ဝိုင်းစာ ၂၅ သိန်းနဲ့ ဒေါ်လာနဲ့ဆိုရင်တော့ တစ်ဦးချင်း ၇၅ ဒေါ်လာ၊ စားပွဲတစ်ဝိုင်း ဒေါ်လာ ၅၅၀ လို့ ဂျာမနီသံရုံးက ကြေညာရောင်းချနေပါတယ်။

မူရင်းသတင်း — Myanmar Transparency News