NP News

တရုတ်နိုင်ငံက ဆုကြေးထုတ်ထားသည့် တရားခံပြေး (၁) ဦး အပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်သူ (၁၀၆) ဦးကို သာကေတတွင်ဖမ်းမိ

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၃
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (Ministry of Public Security-MPS) နှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေ ထုတ်ပြန် ဆုကြေးထုတ်ထားသည့် တရားခံပြေး (၁) ဦး အပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်သူ (၁၀၆) ဦးကို သာကေတမြို့နယ်တွင် ဖမ်းဆီးမိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့အား ယမန်နေ့ (နိုဝင်ဘာ ၁၂)ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နဝရတ်လမ်း၊ အောင်ကောင်းကျော် အိမ်ရာဝန်းအတွင်းရှိ ပြင်ဦးလွင်မြို့နေ ဒေါ်မြတ်ဇင်ဦး နှင့် တရုတ်နိုင်ငံ သား Mr. Huo တို့ ပိုင်ဆိုင်သည့် Golden River Residence Condo ၊ အခန်းအမှတ် (၁၁၀)၊ (၃၀၁)၊ (၃၀၂)၊ (၃၀၆)၊ (၃၀၇)၊ (၃၁၀)၊ (၅ဝ၅)၊ (၅၀၉)နှင့် (၅၁၀) တို့၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူများအတွင် တရုတ်နိုင်ငံက ဆုကြေးငွေထုတ်ပြန်ထားသည့် တရားခံ (၄၃) ဦး အမည်စာရင်း၌ ပါရှိသူ Su Fu Quan (ဆူးဖုချွမ်) ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည် လောင်း ကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့များက စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဆူးဖုချွမ် အပါအဝင် တရားမဝင် တရုတ်အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၄ ဦး၊ ဗီယက်နမ် နိုင်ငံသား အမျိုးသား ၈ ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၁၀၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၂၁ လုံး၊ Laptop ၅ လုံး၊ Server ၁ လုံး၊ ဖုန်းမျိုးစုံ ၁၉၀ လုံး၊ Wifi စက် ၇ လုံး၊ Router ၂လုံး၊ မြန်မာနိုင်ငံသား Passport စာအုပ် ၅ အုပ်၊ တရုတ်နိုင်ငံသား Passport စာအုပ် ၂ အုပ်၊ KBZ ဘဏ်စာအုပ် ၄ အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက် ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများ အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News