
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၃
အမြန်လမ်းတွင် (၁၁)လကျော်အတွင်း ပစ်ကပ်/လိုက်ထရပ် ယာဥ်မတော်တဆမှုမှ (၅) ဦး သေဆုံးခဲ့သဖြင့် လူလူအများအပြားမတင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်ထားသည်။
အမြန်လမ်းမကြီးအသုံးပြု၍ခရီးသွားလာကြသော ပြည်သူများအနေဖြင့် သီတင်းကျွတ်၊ တန်ဆောင်တိုင် နှင့် မဟာသင်္ကြန်ကာလ စသည့် ရုံးပိတ်ရက်/ပွဲတော်များအတွင်း ပစ်ကပ်/ လိုက်ထရပ်ယာဥ်များ၏အနောက်ဖက် ပစ္စည်းတင်သည့်နေရာတွင် လူအများအပြားလိုက်ပါ၍ ဘုရားဖူးခရီး ၊ အပန်းဖြေခရီးများသွားလာကြကြောင်း သိရသည်။
အဆိုပါ အငယ်စားပစ်ကပ်/လိုက်ထရပ်များဖြစ်သည့် Hijet/ MiniCab/Carry/Sambar စသည့်ယာဥ်များ၊ အလတ်စား ပစ်ကပ်/လိုက်ထရပ်များဖြစ်သည့် Hilux/Townace/Liteace/Bongo/Vanette/မြန်မာစက်မှုဇုန်လိုက်ထရပ် စသည့် ယာဥ်များ၊ အကြီးစား ထရပ်များဖြစ်သည့် Dyna/Fuso/Canter/Condor စသည့် ယာဥ်များမှာ လူအများသယ်ဆောင်ရန်မဟုတ်ဘဲ ကုန်တင်ရန်သာ ရည်ရွယ်ထုတ်လုပ်ထားသော ပစ်ကပ်/ထရပ်/လော်ရီ အုပ်စုဝင်ယာဥ်များဖြစ်ကြောင်း သိရသည်။
အမြန်လမ်းပေါ်၌အဆိုပါယာဥ်များတွင်နောက်ခန်း၌လူအများအပြားတင်ဆောင်၍မောင်းနှင်ခြင်းသည် အင်မတန်အန္တရာယ်များပြီး အခြားခရီးသွားယာဥ်များကိုလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။
ထို့အပြင်ပစ်ကပ်/ထရပ်ယာဥ်များ၏ အနောက်ကုန်တင်သည့်နေရာတွင်အမိုးကိုင်း တပ်ဆင်ပါသော်လည်းလူထိုင်ရန်ထိုင်ခုံ/ခါးပတ်/လေအိတ် စသည့်သတ်မှတ်အကာအကွယ်ပေးသောပစ္စည်းများမပါခြင်းကြောင့် ယာဥ်တိုက်/တိမ်းမှောက်ပါက အနောက်ခန်းမှ စီးသူများ မြေပြင်ပေါ်သို့လွင့်စင်ကျ၍ အသက်ဆုံးရှုံးခြင်းနှင့်ပြင်းထန်ဒဏ်ရာရရှိခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ (၁) ရက်မှ ယနေ့( နိုဝင်ဘာ ၁၃ ရက်) အထိ ပစ်ကပ်/လိုက်ထရပ် ယာဥ်မတော်တဆမှု စုစုပေါင်း (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဥ်များကြောင့် ဒဏ်ရာရသူ (၁၇) ဦး နှင့် သေဆုံးသူ (၅)ဦးရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ပစ်ကပ်/လိုက်ထရပ်/ထရပ်ယာဥ်မောင်းနှင်သူများ အနေဖြင့် အမြန်လမ်းအသုံးပြုရာတွင်တတ်နိုင်သ၍ ယာဥ်အနောက်ဖက်နေရာတွင် ကုန်ပစ္စည်းကိုသာအဓိကသယ်ဆောင်ကြရန်နှင့် လူအများအပြားမတင်ရန်နှင့် မဖြစ်မနေ အခြေအနေမှသာ လူတင်ဆောင်ရန် အသိပေးထုတ်ပြန်ထားသည်။
အမြန်လမ်းမကြီးယာဥ်စည်းကမ်းများဖြစ်သည့် ပစ်ကပ်/လိုက်ထရပ်/ထရပ်ကား/လော်ရီကား သတ်မှတ်အမြန်နှုန်း 60 km/h (တစ်နာရီခြောက်ဆယ်ကီလိုမီတာ)အောက်သာအထူးသတိပြုမောင်းနှင်ရန်၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးမြေသားပေါ်၌သာ လွတ်ကင်းစွာ ရပ်နားရန်၊ ညအခါရပ်နား စဥ် မီးဖွင့်ထားရန် နှင့် ယာဥ်ကြံ့ခိုင်မှု/တာယာ အားကောင်းမှု သေချာစစ်ဆေးပြီးမှ ခရီးစတင်ရန်လည်း ထုတ်ပြန်ထားသည်။