Myanmar Transparency News

တရုတ် တရားခံပြေးတစ်ဦး အပါအဝင် လူ ၁၀၆ ဦးပါဝင်သော ကျားဖြန့်ဂိုဏ်းအား သာကေတတွင် ဖမ်းမိ

ရောင်ဝါ
၁၃. ၁၁. ၂၀၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရုတ်နိုင်ငံသား တရားခံ ၁ ဦး အပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ ၁၀၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သာကေတမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ယခုည သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံ အန္တရာယ်ပေး လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအားရှာဖွေ ဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိ ရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်း များ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (Ministry of Public Security-MPS) နှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရားခံ ၄၃ ဦး အမည်စာရင်း၌ ပါရှိသူ Su Fu Quan (ဆူးဖုချွမ်) ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည် လောင်း ကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့များက စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နဝရတ်လမ်း၊ အောင်ကောင်းကျော် အိမ်ရာဝန်းအတွင်းရှိ ပြင်ဦးလွင်မြို့နေ ဒေါ်မြတ်ဇင်ဦး နှင့် တရုတ်နိုင်ငံ သား Mr. Huo တို့ ပိုင်ဆိုင်သည့် Golden River Residence Condo ၊ အခန်းအမှတ် (၁၁ဝ)၊ (၃ဝ၁)၊ (၃ဝ၂)၊ (၃ဝ၆)၊ (၃၀၇)၊ (၃၁ဝ)၊ (၅ဝ၅)၊ (၅၀၉)နှင့် (၅၁၀) တို့၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်း များ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား Su Fu Quan (ဆူးဖုချွမ်) အပါအဝင် တရားမဝင် တရုတ်အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၄ ဦး၊ ဗီယက်နမ် နိုင်ငံသား အမျိုးသား ၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၁၀၆ ဦးအား အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၂၁ လုံး၊ Laptop ၅ လုံး၊ Server ၁ လုံး၊ ဖုန်းမျိုးစုံ ၁၉၀ လုံး၊ Wifi စက် ၇ လုံး၊ Router ၂လုံး၊ မြန်မာနိုင်ငံသား Passport စာအုပ် ၅ အုပ်၊ တရုတ်နိုင်ငံသား Passport စာအုပ် ၂ အုပ်၊ KBZ ဘဏ်စာအုပ် ၄ အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းမှုများအရ အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ငန်းလုပ်ကိုင်ရာတွင် ဟန်တုပ်၊ ပိုင်ရစ်၊ အာထန်၊ တာဟိုက်နှင့် စုကျင်ဟူ၍ အဖွဲ့ ၅ ခု ဖွဲ့စည်းထားကြောင်း၊ အဖွဲ့တိုင်း၌ ခေါင်းဆောင် နှင့် ဒုတိယခေါင်းဆောင်တို့က ဦးဆောင်၍ Kaqpo အကောင့်နှင့် Telegram အကောင့်များဖွင့်လှစ်၍ လုပ်ကိုင်ကြောင်း၊ အဆိုပါ Kaqpo အကောင့် တွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့တွင်နေထိုင်သည့် Customer (ပစ်မှတ်) များနှင့် Member Group ဖွဲ့ပေးထားပြီး တရုတ်စာဖြင့်သာ ရေးသားပြောဆိုကာ Kaqpo Application အား Chrome မှတစ်ဆင့် Download ပြုလုပ်၍ အကောင့်ဖွင့်ရကြောင်း သိရှိရသည်။

ရင်းနှီးမြှုပ်နှံမှုကို အခြေခံကာ အခွင့်အလမ်းမက်လုံးပေးလိမ်လည်မှုအနေဖြင့် ပထမ အဆင့်တွင် ပစ်မှတ်ထားခံရသူများအား အမျိုးသမီးများဖြင့် စည်းရုံးမှုကို စတင်ရာ Customer Service များက အမျိုးသမီးစတစ်ကာပုံများကို ပစ်မှတ်ထားခံရသူ (Customer) များထံသို့ ပေးပို့ကာ ၎င်းတို့ကြိုက်နှစ်သက်မည့် အမျိုးသမီးများ၏ အသက်အရွယ်၊ အပျို/အိမ်ထောင် သည် တို့ကို မေးမြန်းပြီး Customer များက ရွေးချယ်၍ ပြန်လည်ပေးပို့ လာပါက ၎င်းတို့နေထိုင်သည့် မြို့နယ်နှင့် Location တို့ကို တောင်းယူကြောင်း၊ ထို့နောက် Customer အား အမျိုးသမီးများနှင့် ပျော်ပါးနိုင်ကြောင်း ဓာတ်ပုံများပေးပို့၍ စည်းရုံးခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် Customer အား Member ဝင်ရောက်ရန် စည်းရုံးပြောဆို၍ ဝင်ရောက်မည် ဆိုပါက Ali Pay နှင့် Wechat Pay QR ကုတ်တို့ကို Customer ထံပေးပို့ပြီး တရုတ်ငွေ ၁၀ ယွမ် လွှဲခိုင်းကြောင်း၊ ငွေလွှဲရောက်ရှိပါက VIP အကောင့်ဖွင့်ရန် ကုတ်နံပါတ် ပေးပို့ကြောင်း၊ ဆက်လက်၍ အဖွဲ့ ခေါင်းဆောင်၏ Kaqpo အကောင့်သို့ ဆက်သွယ်စေ ခဲ့ကြောင်း၊ ထို့နောက် အဖွဲ့ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များက ပျော်ပါးနိုင်သော အမျိုးသမီးနှင့် ဆက်သွယ်ပေးမည်ဟုပြောဆို၍ Customer ၏ ကိုယ်ရေးအချက်အလက်နှင့် အလုပ်အကိုင် တို့ကို ပေးပို့စေခဲ့ပြီး အဆိုပါ အမျိုးသမီးနှင့် Group ဖွဲ့ပြောဆို၍ Member ကြေး တရုတ်ငွေ ၇၂ ယွမ် လွှဲစေခဲ့ကြောင်း၊ ငွေရရှိမှုအတည်ပြုပြီးပါက Customer အတွက် အကျိုးအမြတ် ဟုဆိုကာ ၈ ယွမ် ထပ်ဆောင်း၍ တရုတ်ငွေ ၈၀ ယွမ်ကို Customer ထံသို့ ပြန်လည်လွှဲပေး ကြောင်း၊ တတိယအဆင့်အနေဖြင့် တရုတ်ငွေ ၂၀၁ ယွမ် ပေးသွင်းပါက ၂၂၃ ယွမ်၊ တရုတ်ငွေ ၄၀၁ ယွမ် ပေးသွင်း ပါက ၄၂၅ ယွမ်၊ တရုတ်ငွေ ၆၀၁ ယွမ် ပေးသွင်းပါက ၆၆၂ ယွမ် ရရှိမည်ဟု မက်လုံးပေးစည်းရုံးပြောဆို၍ Customer က လွှဲပေးသည့် ယွမ်ငွေအပါအဝင် အကျိုးအမြတ် ရရှိငွေများ ကို တစ်ပေါင်းတည်း ပြန်လည်လွှဲပေးခဲ့ကြောင်း၊ ထို့နောက် ယုံကြည်အောင် ဆက်လက်စည်းရုံး ပြောဆို၍ စတုတ္ထအဆင့်အနေဖြင့် Customer က လောဘတတ်ကာ ငွေကြေးအမြောက်အမြား ထည့်ဝင်လာ သည့်အခါတွင် ငွေများပြန်မပေးတော့ဘဲ လိမ်လည်ရယူကြောင်း၊ Customer များထံမှ ၁ ဦးလျှင် အများဆုံး တရုတ်ငွေ ၄၈,၀၀၀ ယွမ် အထိ လိမ်လည်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အွန်လိုင်းမှ ဈေးရောင်းဈေးဝယ်လိမ်လည်မှုလုပ်ငန်းစဉ်အနေဖြင့် Telegram Group ၃ ခုကို ဖွဲ့စည်းထားရှိပြီး Group ၁ ခုတွင် Member ၇ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ၎င်းတို့သည် ဘရားဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံနေ ပစ်မှတ်များအား အဓိကထား၍ ဈေးဝယ် Website အတုများဖြစ်သည့် www.amazonexotic.com www.falabella.com တို့ကို အသုံးပြုကာ လိမ်လည် ကြကြောင်း၊ လိမ်လည်မှုပြုလုပ်ရာတွင် www.amazonexotic.com နှင့် www.falabella.com ၌ ရောင်းချရန် Post တင်ထားသည့် ကုန်ပစ္စည်းများအား Like ပြုလုပ်ရုံဖြင့် ဘရားဇီးနိုင်ငံနှင့် ကိုလံဘီယာ နိုင်ငံငွေ ၁၀,၀၀၀ အား ကနဦးပေးခြင်း၊ ထိုသို့ ငွေပေးရန်အတွက် Telegram အကောင့်အသုံးပြုသူထံမှ ဘဏ်အကောင့်တောင်းခံခြင်း၊ ဘဏ်အကောင့်ရရှိပါက အဆိုပါ ဘဏ်အကောင့်သို့ ကနဦး ငွေ ၁၀,၀၀၀ ထည့်သွင်းပေးခြင်း၊ ထို့နောက် နောက်အဆင့် တက်ရောက်ရန်အတွက် Telegram Group အတွင်းသို့ ထည့်သွင်းပေးပြီး Telegram Group အတွင်းရောက်ရှိလာပါက www.amazonexotic.com နှင့် www.falabella.com ၌ ရောင်းချ ရန် Post တင်ထားသည့် ကုန်ပစ္စည်းများအား ထပ်မံ၍ Like ၃ ကြိမ် ပြုလုပ်ခိုင်းခဲ့ကာ ထိုသို့ ပြုလုပ်ပေးသည့်အတွက် ဘရားဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံ ငွေ ၁၃,၀၀၀ အား ထပ်မံပေးခြင်း၊ Like (၃)ကြိမ်ပြုလုပ်ပေးသည့်အတွက် VIP Telegram Group အတွင်း တစ်ဆင့်တက်သည့် အနေဖြင့် ထပ်မံထည့်သွင်းပေးပြီး VIP အတွင်းရောက်ရှိလာပါက Member ဝင်ရန်အတွက် မြူဆွယ်ကာ Member ဝင်ရောက်၍ ဈေးဝယ်ပါက ဈေးဝယ်သည့် ကုန်ကျငွေအပြင် Member ကြေး ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးခြင်း၊ ထိုသို့ ထပ်ဆောင်းပေး၍ ထပ်မံ Member ဝင်ရောက်ပါက Member ကြေးများ ၆၀ ရာခိုင်နှုန်းအထိ ထပ်ဆောင်ပေးမည်ဟု မက်လုံးပေး မြှူဆွယ်ကာ Member ကြေးများအား လိမ်လည်ခဲ့ခြင်းတို့ကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများ အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မူရင်းသတင်း — Myanmar Transparency News