
ရောင်နီ (NP News) - နိုဝင်ဘာ ၁၃
တောင်ကိုရီးယားနိုင်ငံ၊ ဂျောင်ဂီပြည်နယ်၊ ဆောင်နမ်မြို့မှာ နိုဝင်ဘာ (၁၁) ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးမှ မီးပွိုင့်မှာ စောင့်ဆိုင်းနေတဲ့ယာဉ်တွေကို ဝင်တိုက်မိခဲ့ရာ ယာဉ် (၁၇) စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ ပြီး လူ (၅၇) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မတော်တဆမှုဟာ ဘွန်ဒန်းဒေသရှိ လူသွားလူလာများတဲ့ လမ်းဆုံအနီး နံနက် (၇) နာရီ (၃၄) မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက (၉) ဦးဟာ အခြေအနေပြင်းထန်ခဲ့ပြီး အနည်းဆုံး လူ (၅) ဦးကို ဆေးရုံ ပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသစံတော်ချိန် နံနက် (၉) နာရီ (၃ဝ)မိနစ်အထိ သေဆုံးသူမရှိဘူးလို့ သိရပါတယ်။ ယာဉ်တိုက်မှုမှာ ဘတ်စ်ကားနှစ်စီး၊ ကုန်တင်ကားတစ်စီးနဲ့ ခရီးသည်တင်ကား (၁၄) စီး ပါဝင်ခဲ့ပါတယ်။ ယာဉ်တွေကို ဝင်တိုက်ခဲ့တဲ့ ဘတ်စ်ကားကတော့ လမ်းလယ်ရှိ အကာအရံကို ဝင်တိုက်ပြီး နောက် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုဖြစ်ပွားရခြင်းဟာ ဘတ်စ်ကားရဲ့ ဘရိတ် စနစ်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ လတ်တလော ယူဆထားပါတယ်။ ဘတ်စ်ကား ယာဉ်မောင်းကိုလည်း ဆေးရုံ ပို့ဆောင်ထားရပြီး ၎င်းရဲ့ကျန်းမာရေးအခြေအနေကြောင့် ရဲတပ်ဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို နောက်ပိုင်းမှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
