Voice of Myanmar

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ သက်ကြီးပိုင်း အမျိုးသမီးတယောက် ခေါင်းဖြတ် အသတ်ခံရ

နိုဝင်ဘာ ၁၃ – ၂၀၂၆

SN (VOM)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မနေ့ နိုဝင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းက သက်ကြီးပိုင်း အမျိုးသမီးတယောက် နေအိမ်တိုက်ခန်းအတွင်း ခေါင်းဖြတ် အသတ်ခံရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ ၅ လမ်းဆုံ မီးပွိုင့်အနီးရှိ ကွန်ဒို ၅ လွှာက တိုက်ခန်းတခန်းမှာ မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က အသက် ၇၇ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးကြီးတယောက် ခေါင်းဖြတ် အသတ်ခံခဲ့ရတာဖြစ်ပြီး ၎င်းရဲ့ဦးခေါင်းကို ပြစ်မှုကျူးလွန်သူက သေတ္တာတလုံးထဲ ထည့်ထားခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးသူက သူ့ရဲ့ တူတော်စပ်သူနဲ့ နှစ်ယောက်တည်းနေတာ။ သားသမီးတွေက ပြည်ပမှာလို့ ပြောကြတယ်။ တူဖြစ်သူက မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသူလို့လည်း သိရတယ်။ အခု သူ့ကို သံသယရှိသူအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်ရှာနေကြတယ်” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ ဆက်လက်စုံစမ်း ရှာဖွေနေတယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်မှာ ကျူးလွန်သူက သေဆုံးသူရဲ့ တူ ဖြစ်နိုင်တယ်လို့ ရဲတွေကတော့ ကနဦးကောက်ချက်ချပြီး သူ့ကို လိုက်ရှာနေတယ်။ အကယ်၍ တရားခံက သူဖြစ်နေခဲ့တယ် ဆိုရင်ပေါ့၊ ဆေးကြောင်လို့ လူသတ်တယ်ဆိုရင် အခုလို ထွက်ပြေးမှာ မဟုတ်ဘူး။ ထုံပေပေနဲ့ အိမ်မှာ ဆက်နေနေမှာပဲ။ ဆေးကြောင်တဲ့သူက ရာဇဝတ်ဘေးကျ လွတ်အောင်ပြေးရမယ် ဆိုတာကို သိတယ်ဆိုတာတော့ သဘာဝမကျဘူး။ ရန်ကုန်မြို့ကြီးမှာ အခုလို ကြောက်စရာကောင်းတဲ့ ဒုစရိုက်မှုကြီးတွေ ဆက်တိုက် ဖြစ်လာနေတာ အတော်ကို စိုးရိမ်စရာကောင်းနေပြီ။ တရားဥပဒေကို စိန်ခေါ်နေတာပဲ” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ (၂) လမ်းရှိ မြေညီထပ် တိုက်ခန်းတခန်းမှာ အနုကြမ်းစီး လုယက်မှုဖြစ်ခဲ့ကာ အသက် ၆၃ နှစ်အရွယ် အမျိုးသားတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကာ ကျူးလွန်သူ သုံးယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၃) လမ်းရှိ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်အတွင်း ဖောက်ထွင်းမှုနဲ့ လူသတ်မှု ဖြစ်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးကာ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပြီး ပြစ်မှုကျူးလွန်သူ သုံးယောက်လုံးကို ဖမ်းမိခဲ့ပါတယ်။

ဒါအပြင် အောက်တိုဘာ ၅ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၂) ရပ်ကွက်၊ ဦးဝိစာရလမ်းက “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်းဆိုင်မှာ ပိုင်ရှင်ကိုသတ်ပြီး ပစ္စည်းလုယက်မှုဖြစ်ခဲ့ကာ တရားခံ သုံးယောက်လုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ကလည်း တာမွေမြို့နယ်၊ မလွှကုန်းဘူတာနားက ရထားသံလမ်းကူး တံတားအောက်မှာ သက်လတ်ပိုင်း အမျိုးသားတယောက် လည်ပင်းမှာ ဝါယာကြိုးတချောင်းနဲ့ တုပ်ထားခံရပြီး ကြိုးစတဖက်ကို ရထားသံလမ်း ခြံစည်းရိုးမှာ ချည်ထားတဲ့ပုံစံနဲ့ သေဆုံးနေတာကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar