NP News

မန္တလေးတွင် ဂရန်အတုပြုလုပ်ပြီး လိမ်ရောင်းသည့်ဖြစ်စဉ်များ ယခင်ထက်ပိုဆိုးလာ

စော (NP News) - နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီးတွင် ဂရန်အတုပြုလုပ်ပြီး လိမ်ရောင်းသည့်ဖြစ်စဉ်များ ယခင်ကထက် ပိုဆိုးလာကြောင်း ဒေသခံလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။

မန္တလေးမြို့တွင် လူမရှိသော ဂရန်မြေကွက်များအား ဂရန်အတုပြုလုပ် လိမ်ရောင်းသူများရှိနေသောကြောင့် မြေကွက်ဝယ်ယူမည့်သူများအနေဖြင့် သက်ဆိုင်ရာမြေစာရင်းရုံးတွင် မဖြစ်မနေ သွားရောက်စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းမှုများရှိနေသည်။
“ဆိုးနေတယ်ဆိုတာက တစ်ချို့က ပိုင်ရှင်က မရှိတော့ဘူး။ ပိုင်ရှင်က အဝေးမှာ ။ အဲဒါကိုသိတဲ့လူတွေက ပြန်လည်ပြီးတော့ လုပ်စားနေတာ။ သိတော့သိတယ်။ မရှိဘူးလားဆို မဟုတ်ဘူး ရှိတယ်။ မြေပြင်မှာတော့တကယ်ရှိနေတာ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြေရာဇဝင်ကို သိသော ရပ်ကျေးအုပ်ချုပ်ရေးအဆင့်မှ ပူးပေါင်းပါဝင်ခြင်းမျိုးလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
“အများစုကတော့ ရပ်ကျေးနဲ့ပတ်သက်မှုရှိတဲ့လူတွေ၊ဘာဖြစ်လို့လဲဆိုတော့ ဒီမြေရဲ့သမိုင်းကို သူတို့မှသိတာလေ။ ပွဲစားတွေ တချို့ မသမာဘူး။ ဝိသမလောဘသားတွေလည်းလုပ်နိုင်သလို ရပ်ကွက်အတွင်း ထားပါတော့ (က)ရပ်ကွက် အတွင်း (က)ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူတို့ပဲ အနေအထားကိုသိတယ်။ ဘယ်ဟာက လူရှိတယ်။ ဘယ်ဟာက လူမရှိဘူး။ ဒါကတော့ ပိုင်ရှင်နဲ့ကင်းကွာနေတာ ဘယ်နှစ်နှစ်ရှိပြီ" ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အခွန်ကိစ္စများကြောင့် အရောင်း၊ အဝယ် အေးနေကြောင်း ၎င်းကဆိုသည်။

မူရင်းသတင်း — NP News