သက်တံ့
၁၄.၁၁. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥစားကြက်လေးသန်းခန့် မွေးမြူထားသော်လည်း တိုးချဲ့မွေးမြူနိုင်ရေး ညွှန်ကြားထားကြောင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥစားကြက်မွေးမြူရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးမှ သိရသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြက်ဥစားသုံးမှုဖူလုံနိုင်ရေးအတွက် ဥစားကြက်များ တိုးမြှင့်မွေးမြူနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် ညွှန်ကြားထားရှိချက်အရ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥစားကြက်ကောင်ရေ (၄) သန်းခန့် မွေးမြူထားရှိသည့်အတွက် တိုင်းဒေသကြီး၌ ထပ်မံတိုးချဲ့ မွေးမြူရမည့် ဥစားကြက်များကို မွေးမြူနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ကြသည့် လုပ်ငန်းရှင်များအနေဖြင့် တိုးချဲ့ မွေးမြူနိုင်စေရန် မိမိတို့အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ် မွေးမြူရမည်ဖြစ်သည့်အတွက် မိမိလုပ်နိုင်စွမ်းနှင့်အညီ လိုအပ်ချက်များကို တင်ပြတောင်းခံနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်သည့် ကြက်ဥများကို ထုတ်လုပ်ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှလည်း လုပ်ငန်းရှင်များအား ဥစားကြက် တိုးချဲ့မွေးမြူနိုင်ရေး တွန်းအားပေးစေလိုကြောင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥစားကြက် မွေးမြူရေးလုပ်ငန်း အခြေအနေများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဥစားကြက် မွေးမြူရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
