Voice of Myanmar

စင်ကာပူပိုင် Surbana ​ဆောက်လုပ်​ရေး ကုမ္ပဏီ အခုနှစ်ကုန်မှာ မြန်မာနိုင်ငံက ထွက်ခွာမယ်

နိုဝင်ဘာ ၁၃ – ၂၀၂၆

SS (VOM)

ဟံသာဝတီလေဆိပ်၊ ကျောက်ဖြူစက်မှုဇုန်နဲ့ ဆိပ်ကမ်း၊ ပဲခူးစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်းမြို့ပြအိမ်ရာ၊ ပြည်လမ်း မြေအောက်လူကူးလမ်း၊ ရန်ကုန်ကန်တော်ကြီးငါးပြတိုက်၊ ဧရာဝဏ် – ရတနာ တန်ဖိုးသင့်အိမ်ရာ အစရှိတဲ့ စီမံကိန်း များစွာမှာ အဓိက အခန်းကဏ္ဍတွေကနေ ပါဝင် ဆောင်ရွက်ခဲ့တဲ့ Surbana International Consultants ကုမ္ပဏီ၊ အခုနှစ်ကုန်မှာ မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ မနေ့ နိုဝင်ဘာ ၁၂ ရက်က အသိပေး ကြေညာထားပါတယ်။

Surbana International Consultants (Myanmar) Co.,Ltd. ဟာ စင်ကာပူနိုင်ငံပိုင် Temasek Holdings လက်အောက်က ကမ္ဘာ့အဆင့်မီ မြို့ပြစီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Surbana Jurong (SJ Group) ရဲ့ ကုမ္ပဏီခွဲတခုလို့ သိရပါတယ်။

Surbana ကုမ္ပဏီ ပိတ်သိမ်းထွက်ခွာမှာနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က

“Surbana Jurong က စင်ကာပူအစိုးရရဲ့ ရန်ပုံငွေနဲ့ ရပ်တည်နေတဲ့ အဓိက ကုမ္ပဏီကြီးတခုပါ။ ဒီလို ကုမ္ပဏီကြီး မြန်မာပြည်က ထွက်ခွာမယ်ဆိုတာက စီးပွားရေးအရ အမြတ်အစွန်းထက် Risk (စွန့်စားရမှု) တွေ များပြားလာတာက အဓိက အကြောင်းရင်းဖြစ်နိုင်တယ်။ လက်ရှိ မြန်မာပြည်မှာက နိုင်ငံရေး မတည်ငြိမ်ဘူးလေ။ ငွေကြေး လဲလှယ်နှုန်းတွေလည်း မတည်ငြိမ်ဘူး။ နောက်တချက် ဘဏ်လုပ်ငန်း အကျပ်အတည်းတွေကလည်း ရှိနေတယ်။ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ဆိုတာက အခြေအနေ၊ အခွင့်အလမ်းတွေက တဖြည်းဖြည်း နည်းပါးလာပြီ။ ဒါကြောင့် အခုလို ထွက်ခွာဖို့ ဆုံးဖြတ်တာလို့ ယူဆလို့ရပါတယ်” လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ကြေညာချက်အရ ဒေဝါလီခံခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကုမ္ပဏီရဲ့ ဆန္ဒအလျောက် လုပ်ငန်းရပ်စဲ၊ စာရင်းရှင်းလင်း ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ အထွေထွေ အစည်းအဝေးမှာ အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ သိရပါတယ်။

ဖျက်သိမ်းရေး လုပ်ငန်းစဉ်အရ ကုမ္ပဏီဆီကနေ ရဖို့ရှိနေတဲ့ ငွေကြေးနဲ့ တောင်းဆိုပိုင်ခွင့်ရှိသူ အားလုံးဟာ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်မြို့ရှိ စာရင်းရှင်းလင်းဖျက်သိမ်း‌ရေး အရာရှိထံ အထောက်အထားတွေနဲ့ တင်ပြ တောင်းခံနိုင်တယ်လို့ အသိပေးထားပါတယ်။

Surbana ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ Surbana Jurong အမည်နဲ့ လုပ်ငန်းအမှတ်တံဆိပ်အသစ် မိတ်ဆက်ကာ စီမံကိန်းပေါင်း ၄၀ ဝန်းကျင်မှာ ပါဝင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာ ရုံးချုပ်ရှိပြီး အာရှ၊ ဩစတြေးလျ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အမေရိကတိုက်က နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ရုံးခွဲပေါင်း ၁၁၃ ခု ဖွင့်လှစ်ထားကာ နိုင်ငံတကာ ဝန်ထမ်းအင်အား တသောင်းသုံးထောင်ဝန်းကျင်ရှိပြီး နှစ်စဉ် ဝင်ငွေလည်ပတ်မှု စင်ကာပူဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိတယ်လို့ ကုမ္ပဏီရဲ့ စာရင်းရှင်းတမ်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းကလည်း မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကျော်ကြာ ရင်းနှီးမြှုပ်နှံပြီး လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့တဲ့ ကမ္ဘာကျော် ဗြိတိန် လူသုံးကုန်နဲ့ စားသောက်ကုန် ကုမ္ပဏီကြီးဖြစ်တဲ့ Unilever က ၎င်းတို့ရဲ့ ရှယ်ယာတွေကို ရောင်းချပြီး ပြည်တွင်းဈေးကွက်မှ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီလိုပဲ ကမ္ဘာ့ထိပ်တန်း စာရင်းစစ်နဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြံပေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Price waterhouse Coopers (PwC) ကလည်း မြန်မာနိုင်ငံရှိ ၎င်းရဲ့ လုပ်ငန်းတွေကို စာရင်းရှင်းလင်း ဖျက်သိမ်းပြီး ထွက်ခွာတော့မယ်လို့ အောက်တိုဘာ ၂၀ ရက်က အ‌သိပေး ကြေညာထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းကလည်း အမေရိကန်ရေနံကုမ္ပဏီ Chevron မြန်မာနိုင်ငံက ထွက်ခွာခဲ့သလို ၂၀၂၂ ခုနှစ်အတွင်းကလည်း ဇူလိုင်လမှာ ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total Energies၊ ဇွန်လမှာ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings၊ မတ်လမှာ နော်ဝေးနိုင်ငံအခြေစိုက် Telenor Group တို့ မြန်မာနိုင်ငံက ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar