
နိုဝင်ဘာ ၁၃၊ ၂၀၂၆
GG (VOM)
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လိုင်စင်သက်တမ်းတိုးရာမှာ မိသားစုလွှဲငွေ Pass ဖြစ်ရမယ့်အပြင် ဥပဒေနဲ့ငြိ စွန်းတဲ့ကိစ္စတွေ မလုပ်ကြောင်း ဝန်ခံကတိစာပါ ရေးသား တင်ပြနေရတယ်လို့ သိရပါတယ်။
လိုင်စင်သက်တမ်းတိုးမယ့် အေဂျင်စီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ နဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေအနေနဲ့ ရာဇဝတ်မှုဆိုင်ရာ အကြောင်းအရာ၊ ဥပဒေ နဲ့ ငြိစွန်းတဲ့ အကြောင်းအရာ အပါအဝင် တရားမဝင် လုပ်သားစေလွှတ်မှုကို မပြုလုပ်ကြောင်း ဝန်ခံကတိ တင်ပြရတာလို့ သိရပါတယ်။
ခံဝန်ကတိပြုထားတဲ့ ကိစ္စကို ကျုးလွန်ပါက ကုမ္ပဏီ လိုင်စင် ပိတ်သိမ်းခြင်းနဲ့ Black List အသွင်းခံရတယ်လို့ သိရပါတယ်။
” ပြစ်မှုကင်းရှင်းကြောင်း ဆိုပြီးပေါ့။ စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေက ပြစ်မှုကကင်းရှင်းရမှာပေါ့လေ။ ဒါပေမယ့် တခါတလေကြ သူတို့က တခုခုဖြစ်ခဲ့ရင် အရေးယူဆောင်ရွက်ရင် ကာယကံရှင်ရဲ့ကိုယ်တိုင်ဝန်ခံချက်မရှိလို့ဆိုပြီး အခက်အခဲတွေရှိတာပေါ့။အဲဒါကို ကာဗာဖြစ်အောင်ဆိုပြီး ရေးခိုင်းတာ။ ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်ကပြောပါတယ်။
မိသားစုလွှဲပိုငွေ အထောက်အထားတင်ပြတဲ့အခါ အေဂျင်စီအနေနနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားအရေအတွက်ရဲ့ရာနူန်းပြည့် ငွေပြန်လွှဲတဲ့အထောက်ထား တင်ပြရမယ့်အစား လက်ရှိမှာတော့ စေလွှတ်တဲ့လုပ်သားဦးရေရဲ့ ၇၅ ရာခိုင်နူန်းသာ တင်ပြဖို့ ပြင်ဆင် ပေးထားပါတယ်။
မိသားစုလွှဲပို့ငွေ ၇၅ ရာခိုင်နှုန်းနဲ့ အထက် ရရှိတဲ့ အေဂျင်စီ ကို Pass အဖြစ် သတ်မှတ်ပြီး ၇၅ ရာခိုင်နှုန်းအောက် ရရှိသူကိုတော့ Fail အဖြစ် သတ်မှတ်ကာ အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့် ယာယီဆိုင်းငံ့သွားမယ်လို့ သိရပါတယ်။
သတ်မှတ်ရာခိုင်နှုန်းပြည့်မီကြောင်း ပြန်လည်တင်ပြပြီးတဲ့ အချိန်ကျမှသာ အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့်ကို လက်ခံဆောင်ရွက်မှာ ဖြစ်ပါတယ်။
” အလုပ်သမားတွေ ငွေပြန်လွှဲခြင်း မလွဲဲခြင်းက အေဂျင်စီတွေရဲ့ တာဝန်ယူမှု တာဝန်ခံပြီးလုပ်ရမယ်ဆိုတာမျိုးကတော့ မဟုတ်ဘူး။ဒါပေမယ့် ခေတ်ကာလအရ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုတော့လိုက်နာဖို့လိုတယ်။လိုက်နာတယ်။ဒါပေမယ့် ရာနူန်းပြည့်ဆိုတာက မဖြစ်နိုင်ဘူးလေ။ဒါကြောင့် အခု ၇၅ ရာခိုင်နူန်း ပြန်ပြောင်းတာပေါ့။ ကိုယ်လွှတ်လိုက်တဲ့အလုပ်သမားက ၁၀၀ ရှိရင် ၇၅ ယောက်ရဲ့မိသားစုလွှဲပို့ငွေတင်ပြရမယ်ပေါ့။” လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAA) အသင်းဝင်တယောက်က ပြောပါတယ်။
ပြီးခဲတဲ့ စက်တင်ဘာလမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၀ခုကို မိသားစုလွှဲပိုငွေအထောက်အထားတင်ပြတာ ပျက်ကွက်မှုနဲ့ လုပ်ငန်းလိုင်စင်ကို ခြောက်လ ယာယီပိတ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ