Myanmar Digital News

Microsoft ဝန်ဆောင်မှုများ ကမ္ဘာတစ်ဝန်း ချို့ယွင်းမှုဖြစ်ပွား

 

ဝါရှင်တန် နိုဝင်ဘာ ၁၃

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft ၏ ဝန်ဆောင်မှုများကို ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ ဝင်ရောက်အသုံးပြုရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

Microsoft 365 ၏ အွန်လိုင်းဝန်ဆောင်မှုများတွင် ချိတ်ဆက်မှုဆိုင်ရာ ပြဿနာများဖြစ်ပွားခဲ့ပြီး Outlook အီးမေးလ်ဝန်ဆောင်မှု၊ Teams အွန်လိုင်းအစည်းအဝေးစနစ်နှင့် AI chatbot Copilot အပါအဝင် ဝန်ဆောင်မှုအချို့ ထိခိုက်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

 

ကုမ္ပဏီ၏ စုံစမ်းစစ်ဆေးမှုအရ ထိခိုက်မှုရှိသော ဆာဗာများတွင် လုပ်ဆောင်မှုဆိုင်ရာ ပြဿနာများကြောင့် ဆာဗာများ တုံ့ပြန်မှုရပ်တန့် ခဲ့ပြီး ကျန်ရှိသည့် အခြေခံအဆောက်အအုံများအပေါ် ဝန်ပိမှုမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သည်ဟု အထောက်အထားမတွေ့ရှိရသေးကြောင်း ကုမ္ပဏီက ပြောကြားထားသည်။

 

Microsoft သည် ထိခိုက်မှုရှိသည့် ဆာဗာများကို ပြန်လည်အသုံးပြုနိုင်ရေးနှင့် ဝန်ဆောင်မှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အချို့ဒေသများတွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါပြတ်တောက်မှုကြောင့် Microsoft ဝန်ဆောင်မှုများကို လုပ်ငန်းလည်ပတ်မှုအတွက် အားထားအသုံးပြုနေသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနအချို့လည်း ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။                             

အင်န်အိတ်ချ်ကေ

 

မူရင်းသတင်း — Myanmar Digital News