Myanmar Digital News

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး နံရံကပ်စာစောင်ဖွင့်ပွဲ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၃

 

အမျိုးသားလွှတ်တော် နံရံကပ်စာစောင်ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါ နံရံကပ်စာစောင်တွင် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးကဏ္ဍ၊ ဝတ္ထုကဏ္ဍ၊ အယ်ဒီတာ့အာဘော်၊ အမျိုးသားလွှတ်တော်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်စားလှယ်များအစည်းအဝေးတွင် လိုက်နာ ရမည့်ဥပဒေ၊ နည်းဥပဒေများပါဝင်သည်။

 

ဖွင့်ပွဲတွင် နံရံကပ်စာစောင်ပြုစုရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက နံရံကပ်စာစောင် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌနှင့် နံရံကပ်စာစောင်ပြုစုရေးကော်မတီ ဥက္ကဋ္ဌတို့နှင့်အတူ နံရံကပ်စာစောင်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် နံရံကပ်စာစောင်ပြုစုရေးကော်မတီဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံ စာစောင်များ အမှတ်တရပေးအပ်သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ အမျိုးသားလွှတ်တော် နံရံကပ်စောင်ကို လွှတ်တော်အကြီးအကဲများနှင့် ကိုယ်စားလှယ်များ ကြိုးပမ်းထမ်းဆောင်နေကြသည့် လွှတ်တော်လုပ်ငန်းစဉ်များကို ပီပြင်စွာဖော်ထုတ်တင်ပြနိုင်ရန်၊ လွှတ်တော်အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများ အပြန်အလှန်ရင်းနှီးချစ်ခင်စွာ နားလည်မှုပိုမိုရရှိစေရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် လွှတ်တော်အကျိုးပြုအမြင်နှင့် အတွေးအခေါ်များကို လွတ်လပ်ပေါ့ပါးစွာ ခံစားရေးသားတင်ပြနိုင်ရန်၊ လွှတ်တော်အတွင်း မြန်မာစာပေအရေးအသားနှင့် သုတ၊ ရသစာပေများ ပိုမိုရှင်သန်ထွန်းကားလာစေ ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ စိတ်လက်ပေါ့ပါး ရွှင်လန်းလန်းဆန်းစေရန်နှင့် စာဖတ်စွမ်းရည်အထောက်အကူပြုရန်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များ၏ ဥပဒေ/နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများအတိုင်း လွှတ်တော်ကိုယ်စားလှယ်များက လိုက်နာလုပ်ဆောင်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News