NP News

လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းဝန်ထမ်းအရာထမ်း (၂၈) ဦး အပါအဝင်စုစုပေါင်း (၁၁၂) ဦး ခန့်အပ်ထား

ပုလဲ (NP News) - နိုဝင်ဘာ ၁၄

လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းဝန်ထမ်းအရာထမ်း (၂၈) ဦး အပါအဝင်စုစုပေါင်း (၁၁၂) ဦး ခန့်အပ်ထားကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) က ကျင်းပသော ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့တွင် မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေ (၂ဝ၁၅)အရ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ရရှိရေးတို့အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းမှုအပေါ် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင် က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်နှင့်အထက် လူဦးရေ၏ (၇ ဒသမ ၆) ရာခိုင်နှုန်း (၂ ဒသမ ၂၉) သန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိခန့်ထားမှုနှင့်စပ်လျဉ်း၍ မသန်စွမ်း သူများအပါအဝင် အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ်မူတည်၍ အစိုးရဌာနများအပါအဝင် အလုပ်ရှင်များ၏ လိုအပ်ချက်များနှင့်အညီ သင့်လျော်သူများကို ရွေးချယ်၍ ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံများတွင် အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအား သင်တန်းကျောင်းအခြေပြု စောင့်ရှောက်ခြင်းလုပ်ငန်းများအဖြစ် အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအား အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရန် မသန်စွမ်း သင်တန်းကျောင်း/ဂေဟာ ၁၀ ခု တို့ကို ဖွင့်လှစ်ထားရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အကြားအာရုံ မသန်စွမ်းသူများအတွက် အီလက်ထရော နစ်သင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်း၊တံဆိပ်ရိုက်သင်တန်း၊ စက်ချုပ်သင်တန်း တို့ကို ဘဏ္ဍာရေးနှစ် ၁ နှစ်လျှင် (၃)ကြိမ်ပုံမှန်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြိး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ သင်တန်းတက်ရောက်သူ ၅၇၅ ဦးရှိပြီး အလုပ်အကိုင်ရရှိသူ ၂၅၄ ဦး အလုပ်အကိုင်ရရှိ အောင်ဆောင်ရွက်ပေးနိုင်ခဲ့သိရသည်။
ထို့ပြင်မသန်စွမ်းသူများအား အစိုးရဌာနအဖွဲ့အစည်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းဝန်ထမ်းအရာထမ်း ၂၈ ဦး၊ အမှုထမ်း ၈၄ ဦး၊ စုစုပေါင်း ၁၁၂ ဦး ခန့်အပ်ထားပြီး လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် မျက်မမြင်အကြောပြင်အနှိပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး ပုဂ္ဂလိကကဏ္ဍတွင် အလုပ်အကိုင်ရရှိသူ ၆၆ ဦး အလုပ်ရရှိခဲ့ကြောင်း ဒုတိယဝန်ကြီး က ပြောကြားခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအပါအဝင် အလုပ်အကိုင်ရှာဖွေ နေသူများအား ၎င်းတို့နှင့်သင့်တော်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် အလုပ်ရှင်များ၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးလျက်ရှိ ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း မသန်စွမ်းသူများအတွက် ဂုဏ်သိက္ခာရှိသည့် အသက်မွေးဝမ်းကျောင်းမှုဖြင့် ဘဝရပ်တည်နိုင်ရေး အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅) နှစ်စီမံကိန်း (၂ဝ၂၂-၂ဝ၂၇)တွင် “လုပ်ငန်းနှင့်အလုပ်အကိုင်” ကို ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်း၍ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News