NP News

KNU၊ KNPP နှင့် အစိုးရ အကြား ထိုင်းက ကြားဝင်ဆွေးနွေးပေးခြင်းသည်လည်း ငြိမ်းချမ်းရေး အဆင့်တစ်ဆင့် တက်လာနိုင်

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၃

KNU၊ KNPP နှင့် အစိုးရအကြား ထိုင်းက ကြားဝင်ဆွေးနွေးပေးခြင်းသည်လည်း ငြိမ်းချမ်းရေး အဆင့်တစ်ဆင့် တက်လာနိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာငြိမ်းချမ်းရေးအတွက် NSPNC အနေဖြင့် NCA လမ်းကြောင်း တစ်ခုတည်းဖြင့် သွားနေခြင်း မဟုတ်ပဲ NCA+ အနေဖြင့် NCA လက်မှတ်မထိုးသော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံနေသည်ဟု နားလည်ရကြောင်း ၎င်းက ဆိုသည်။
“အဲဒီမှာ Formal တွေ့ဆုံမှုတွေလည်းရှိသလို Informal တွေ့ဆုံမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ KNUကလည်း အခုလိုမျိုး တွေ့ဆုံနေတာမျိုး တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ တစ်ကမ္ဘာလုံးမှာ သုံးနေတဲ့ Carrot and Stick ဆိုတာ တစ်ဖက်ကလည်း မုန့်လာဥအနီ ကျွေးတစ်ဖက်ကလည်း တုတ်ကိုင်ထား။ အဲဒီလိုဖြစ်နေရင်းတန်းလန်းနဲ့ပဲ ငြိမ်းချမ်းရေးဆွေးနွေးတာတွေရှိပါတယ်။ ဥပမာ အီရန်နဲ့ အမေရိကန်ကိုပဲ ကြည့်ကြည့်။ ယူကရိန်းနဲ့ ရုရှားကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ ခင်ဗျာ။ ဒါကြောင့်မို့လို့ ဒီဥစ္စာကတော့ လုပ်နေကျအလုပ်တစ်ခုထဲက အလုပ်တစ်ခုလို့ပဲ ကျွန်တော်မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးအတွက် ပြည်ပအင်အားစုများကလည်း ဝင်ရောက်ကြားဝင်ညှိနှိုင်းဆွေးနွေးမှုများရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းကပင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က KNU၊ KNPP ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကူညီပေးရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံ ခရီးစဉ်အပြီး ပြောကြားထားသည်။
“ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်ပူပန်နေတဲ့ ကိစ္စရပ်တွေမှာ အထူးသဖြင့် အတိုက်အခံ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ရေးနဲ့ ပတ်သက်ပြီး ထပ်မံတိုးတက်မှုတွေ ရှိလာဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနယ်စပ်မှာရှိတဲ့ KNU၊ KNPP တို့လို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ကြားဝင်ကူညီပေးဖို့ ကျနော်တို့ အသင့်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပြည်ပနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံမှ ကြားဝင်ညှိနှိုင်းဆွေးနွေးပေး ရာတွင် သပ်ရပ်စွာလုပ်နိုင်ပါက ငြိမ်းချမ်းရေးတစ်ဆင့်တက်လာနိုင်ကြောင်း အထက်ပါ ဝါရင့်နိုင်ငံရေးသမားက ဆိုသည်။
“ငြိမ်းချမ်းရေးဆိုတာကတော့ ဒီနေ့လိုချင် မနက်ဖြန်ရမဲ့ အရာမျိုးမဟုတ်ပါဘူး။ ကျွန်တော်စိတ်ရှည်ရှည်နဲ့ အလယ်ကလူကလည်း ဘယ်ဘက် ကလာတဲ့စကားတွေကို ဘယ်ဘက်နားမှာထား။ ညာဘက်က လာတဲ့ စကားတွေကို ညာဘက်နားမှာထား အလယ်ကနေ Negotiation ကောင်းမွန်သေချာ သပ်ရပ်စွာလုပ်နိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးတစ်ဆင့်ပြီးတစ်ဆင့်ကတော့တက်လာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News