Myanmar Digital News

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ် ငါးမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများ ထောက်ပံ့ပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၃

 

ရပ်စောက်မြို့တွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဇော်ဂျီကွေ့ဓမ္မာရုံနှင့် မိုးလုံလေလုံအားကစားခန်းမတို့၌ ပြောင်းရွှေ့ခိုလှုံလျက်ရှိသော အိမ်ထောင်စု ၈၃ စုမှ ရေဘေးသင့် ပြည်သူ ၃၃၇ ဦးအတွက် ယနေ့တွင် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအပါအဝင် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၄၃၅၇၉၀ဝ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ရေဘေးရှောင်စခန်းများကို ကြည့်ရှုအားပေးထောက်ပံ့ရန် ရှမ်းပြည်နယ်၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အတူ ယနေ့တွင် အဆိုပါစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်ငါးမြို့နယ်၌ ရေဘေးရှောင်စခန်း ၁၉ ခု၊ အိမ်ထောင်စု ၉၆၃ စု၊ လူဦးရေ ၃၅၄၅ ဦး ယာယီရေဘေးရှောင်လျက်ရှိပြီး အဆိုပါပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုမှာ ယနေ့အထိ ထောက်ပံ့ငွေကျပ် စုစုပေါင်း ၂၅၇၆၇၂၀ဝ ဖြစ်ကြောင်းနှင့် အခြားလိုအပ်ချက်များအား ဆက်လက်စိစစ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇော်ဂျီရပ်ကွက်အနီး ဇော်ဂျီမြစ်ရေလျှံမှု ဖြစ်ပေါ်နေသည့် နေရာသို့ရောက်ရှိပြီး ရပ်ကွက်အတွင်း ရေကြီးမှုဖြစ်ပေါ်နေမှုအခြေအနေ၊ ရေလမ်းကြောင်းထိန်းသိမ်း ပြုပြင်ရန်ဆောင်ရွက်နေမှု၊ လာမည့်နှစ်များတွင် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်မည့်အစီအမံများကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများအား အားပေးစကား ပြောကြားသည်။

 

ထို့နောက် ရွှေညောင်မြို့နယ် ရေပူကျေးရွာရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(နမ့်လတ်)၌ ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်၍ ကူညီစောင့်ရှောက်နိုင်ရေး ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရသည့် ညောင်ရွှေမြို့နယ်သို့ ရောက်ရှိပြီး ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (ရန်ကုန်ကျောင်းတိုက်)၌ ရောက်ရှိခိုလှုံလျက်ရှိသော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးကာ ညောင်ရွှေမြို့နယ်ရှိ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းခြောက်ခုရှိ ရေဘေးသင့်အိမ်ထောင်စု ၂၃၂ စုမှ ပြည်သူ ၅၉၆ ဦးအတွက် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအပါအဝင် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၁၀၁၅၉၆၀၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် မူလတန်းကျောင်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ဆွေးနွေးပြီး အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း သို့သွားရောက်ကာ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံ၍ ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပညာသင်ကြားနိုင်ရေး၊ ပျက်ကွက်ခဲ့သည့် စာသင်ရက်များအတွက် အစားထိုးသင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးကာ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ညောင်ရွှေမြို့ပေါ်ရှိ ဝန်းရပ်ကွက်၊ မြို့လယ်ရပ်ကွက်နှင့် ကံသာရပ်ကွက်များတွင် ရေကြီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုကာ ရေဘေးရှောင်စခန်းများသို့ သွားရောက်ခြင်းမပြုဘဲ နေအိမ်များတွင်သာ ဘေးကင်းစွာနေထိုင်နေသည့် ပြည်သူများအား စားနပ်ရိက္ခာများ လိုက်လံထောက်ပံ့ သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News