
HtayOung (NP News)-နိုဝင်ဘာ ၁၃
လွန်ခဲ့တဲ့ ၂၀၂၆-ခုနှစ် နိုဝင်ဘာ ၁၁၊ ရက် အမေရိကန် စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနားအပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဂ်ဆက်နဲ့ သူ့ရဲ့ဇနီးအပါအဝင် အကြီးတန်းအရာရှိတွေဟာ အာလင်တန် အမျိုးသားသင်္ချိုင်းရှိ “အမည်မသိစစ်သည်တော်များ ဂူဗိမာန်” ရှေ့မှာ ဓာတ်ပုံရိုက်ကူးနေစဉ် အဖွဲ့အတွင်းမှ ကျယ်လောင်စွာ ရယ်မောပြောဆိုသံများ ထွက်ပေါ်လာခဲ့တယ်။
အဲ့ဒီအချိန်တွင် ဂူဗိမာန် ကင်းစောင့်တာဝန်ကျ အမေရိကန်ကြည်းတပ် အမှတ် (၃) ခြေလျင်တပ်ရင်းမှ တပ်သားကြီး Specialist သောမတ်စ် အီဂလေ စီးယက်စ်က " လာရောက်လည်ပတ်သူအားလုံး အချိန်ပြည့် တိတ်ဆိတ်ငြိမ်သက်မှုနဲ့ ရိုသေလေးစားမှုကို ထိန်းသိမ်းကြပါ" လို့ ရာထူးကြီးငယ်မခွဲခြားဘဲ စည်းကမ်းအတိုင်း ကျယ်လောင်ပြတ်သားစွာ သတိပေးတားမြစ်ခဲ့တယ်။ အဲ့ဒီဖြစ်စဉ် ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်တွင် အလျင်အမြန် ပျံ့ နှံ့သွားခဲ့တယ်။
နောက်တစ်ရက် နိုင်ဘာ ၁၂-ရက်နေ့ ပင်တာဂွန်စစ်ဌာနချုပ်က အဆိုပါ စစ်သားလေးဟာ ဂုဏ်သိက္ခာနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် မှန်ကန်လေးစားစွာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ အဲ့ဒီနောက် ပင်တာဂွန်စစ်ဌာနချုပ်ထံ ဖိတ်ခေါ်ပြီး စစ်သားလေး အီဂလေ စီးယက်စ်ကို စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆုတံဆိပ်တစ်ခုဖြစ်တဲ့ တပ်ဖွဲ့ပေါင်းစုံဆိုင်ရာ ဂုဏ်ပြုတံဆိပ်ကို ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဂ်ဆက် ကိုယ်တိုင် တပ်ဆင်ချီးမြှင့်ပေးပါတယ်။
"ကျွန်တော်တို့ စစ်သည်တော်တွေကို ချစ်မြတ်နိုးသလို စည်းမျဉ်းစည်းကမ်းတွေကိုလည်း တန်ဖိုးထားပါတယ်" လို့ ချီးကျူးမှတ်ချက်ပြုပါတယ်။
အမေရိကန်ကြည်းတပ်မှာ Specialist (စပယ်ရှယ်လစ် / အတိုကောက် Spc.) ဆိုတာ အခြေခံတပ်သား (Private) များထက် အဆင့်မြင့်မားပြီး အကြပ်တပ်သားအဆင့် (Corporal / Sergeant) မရောက်မီ (Pay Grade E-4) လစာ ခံစားခွင့်ရရှိသူများ ဖြစ်တယ်။ သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်တဲ့ စစ်သည်များကို ခန့်အပ်လေ့ရှိတယ်။
•သောမတ်စ် အီဂလေစီးယက်စ်ဟာ အာလင်တန် အမျိုးသားသင်္ချိုင်းရှိ အမည်မသိ စစ်သည်တော်များ ဂူဗိမာန်မှာ (၂၄) နာရီပတ်လုံး အလှည့်ကျ ကင်းစောင့်တာဝန်ထမ်းဆောင်ရသူ တစ်ဦး ဖြစ်တယ်။
တိုးတက်ဖွံဖြိုးပြီး အဆင့်အတန်း ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန် (၁) ပညာအခြေခံဖြင့် တည်ဆောက် (၂) တရားဥပဒေဖြင့် စည်းနှောင်ပြီး (၃) လွတ်လပ်စွာ ဝေဖန်ခွင့်ဖြင့် ထိန်းကျောင်းကြစမြဲ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ အစိုးရကောင်းတစ်ရပ် ရှိဖို့လိုပါတယ်။ ဒါပေမဲ့ အစိုးရကောင်းတစ်ရပ်ကို အမြဲတမ်းရရှိနိုင်မယ်လို့ အာမခံလို့ မရပါဘူး။ ဒါကြောင့် အစိုးရကောင်းတစ်ရပ်ကိုချည့် မျှော်လင့်နေမယ့်အစား အစိုးရကောင်းသည်ဖြစ်စေ- မကောင်းသည်ဖြစ်စေ နိုင်ငံကို မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ထိန်းထားနိုင်မယ့် အဖွဲ့အစည်းတွေ တည်ဆောက်ဖို့ လိုပါတယ်။
ဒီအချက်ဟာ အာရှနိုင်ငံများဖြစ်တဲ့ ပတ်ချွန်ဟီး-ချွန်ဒူးဝှမ်ခေတ် တောင်ကိုရီးယားရဲ့ သမိုင်းနဲ့ တစ်ပါတီချည်း အာဏာချုပ်ကိုင်ထားတဲ့ ယနေ့အထိ စင်္ကာပူရဲ့ အုပ်ချုပ်ရေးအတွေ့အကြုံတို့ကပေးတဲ့ အရေးကြီးဆုံး သင်ခန်းစာလို့ မြင်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ ပြတ်သားတဲ့ တစ်သွေးတစ်သံ တစ်မိန့်စနစ် မဖြစ်မနေ လိုအပ်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရှိခြင်းကလည်း စီးပွားရေးဖွံ့ဖြိုးမှုကို တားဆီးခြင်း မရှိပါဘူး။
ယခုအချိန် မြန်မာတို့အတွက် အရေးတကြီးလိုအပ်နေတာက စားဝတ်နေရေး ဖူလုံပြည့်စုံပြီး စည်းကမ်းတကျ နေထိုင်နိုင်ရေး ဖြစ်ပါတယ်။ ဘယ်သူအာဏာရရှိသလဲ ဆိုခြင်းထက် ဘယ်သူ အာဏာရရ အလွဲသုံးစား မလုပ်နိုင်အောင်/ ဥပဒေအထက်မှာ ဘယ်သူမှ မရှိအောင် ထိန်းကျောင်းပေးမယ့် နိုင်ငံတော်အဖွဲ့အစည်းတွေ တည်ဆောက်ရန်ဖြစ်ကြောင်း ယခုသတင်းနဲ့ ဆက်စပ်ဖြစ်ရပ်များက သင်ပြပေးနေတယ်လို့ မြင်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဆိုတာ အာဏာရှိသူကောင်းတစ်ဦး ပေါ်ထွန်းလာခြင်း မဟုတ်ပါဘူး။ အာဏာရှိသူ မကောင်းလာတဲ့အခါမှာတောင် နိုင်ငံတော် မပျက်စီးအောင် ထိန်းထားနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိနေခြင်းပါ။ မိမိကိုယ်မိမိ တန်ဖိုးထားသူ၊ မိမိကျင်လည်ကျက်စားရာ ရေမြေအပေါ် ချစ်မြတ်နိုးသူ၊ မိမိလူ့အဖွဲ့အစည်းကို မပျက်မစီး တိုးတက်စေလိုသူတိုင်း ဥပဒေအထက်မှာ ဘယ်သူမှမရှိ- ဘယ်လိုအခြေအနေမျိုးရောက်ရောက် နိုင်ငံတော် မပျက်စီးအောင် ထိန်းသိမ်းရာမှာ ပါဝင်သူဖြစ်ဖို့ လိုအပ်ပါတယ်။
အဲ့ဒါကို ဒီနေ့ ထိုင်းနိုင်ငံမှာ မြင်ရတယ်။