Myanmar Digital News

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံသစ် သုံးထပ်တည်ဆောက်ရန် ရတနာပန္နက်တင်

ထားဝယ် နိုဝင်ဘာ ၁၃

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံသစ် တည်ဆောက်ခြင်းလုပ်ငန်း ရတနာပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ကံ့ကော်လမ်းဆန်းချီရပ်ကွက် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံသစ် RCC သုံးထပ် အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ရင်ရင်သန်းနှင့် ဒေါ်ထွေးထွေး၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိန်တို့က သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပန္နက်စိုက်ထူခြင်း၊ အမွှေးနံ့သာရည်များပက်ဖျန်းခြင်းနှင့် တွင်းတော်ဝန်း မင်္ဂလာပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြပြီး တက်ရောက်လာကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များ အား လိုက်လံနှုတ်ဆက်ကြသည်။

 

တိုင်းဒေသကြီးတရားလွှတ်တော် အဆောက် အအုံသစ်ကို တရားစီရင်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်၊ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ၊ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်လာစေရန် တရားရုံးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို ပြည်သူများအဆင်ပြေစွာ ရယူနိုင်ရန်၊ တရားစီရင်ရေး စနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှုတိုးတက်လာ စေရန်နှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၂၇ စတုတ္ထနှစ် မဟာ ဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆ ခုနှစ်) မဟာဗျူဟာ ရည်မှန်းချက် ၁.၄.၁ အရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News