NP News

ရှမ်းနှင့်ကရင်ရှိ နယ်စပ်ဒေသများတွင် ဖမ်းမိသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ထိုင်းနိုင်ငံသား (၉၄၀) ကျော်က မိခင်နိုင်ငံကို ပစ်မှတ်ထားလိမ်လည်ခဲ့

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၄

ရှမ်းနှင့် ကရင်ရှိ နယ်စပ်ဒေသများတွင် ဖမ်းမိသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ထိုင်းနိုင်ငံသား (၉၄၀) ကျော်မှာ မိခင်နိုင်ငံကို ပစ်မှတ်ထားလိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသားများတွင် ထိုင်းနိုင်ငံသားများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်မှ စတင်၍ ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) အထိ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ များအတွင်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားအမျိုးသား (၅၂၉) ဦးနှင့် အမျိုးသမီး (၄၁၈) ဦး၊ စုစုပေါင်း (၉၄၇) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအနက် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူ ထိုင်းနိုင်ငံသားများသည် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို လစာငွေအများအပြားဖြင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်း ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့သည် အသိပညာနည်းပါးသူ၊ နည်းပညာအားနည်းသူနှင့် လောဘစိတ်ရှိသူ ထိုင်းနိုင်ငံသားများကို အဓိကပစ်မှတ်ထားပြီး စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဖြင့် မက်လုံးပေးသွေးဆောင်စည်းရုံးလိမ်လည်ခြင်း၊ ကံစမ်းမဲ၊ ဆုကြေးငွေများဖြင့် မက်လုံး ပေး၍ လိမ်လည်ခြင်း၊ လောင်းကစားဝါသနာပါသူများအား လူမှုကွန်ရက်များမှတစ်ဆင့် အွန်လိုင်းလောင်းကစားနှင့် ဂိမ်းပလက်ဖောင်း များကို ကြော်ငြာခြင်းနှင့် အနိုင်ရရှိနိုင်ခြေမြင့်မားကြောင်းတို့ဖြင့် မက်လုံးပေး၍လိမ်လည်ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများအနက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ စံပယ်လမ်းရှိ Yuwarat (ယုဝရတ်ဟိုတယ်) ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၂၃ လုံး၊ Laptop ၄၀ လုံး၊ ဖုန်းမျိုးစုံ ၁၄၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်လုပ် ကိုင်နေသော ထိုင်းနိုင်ငံသားအမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၈၃ ဦးတို့အား စိစစ်မှုများအရ ၎င်းတို့သည် ထိုင်းနိုင်ငံသားအချင်းချင်းအပေါ် အွန်လိုင်းမှလိမ်လည်မှုများ ဦးတည်လုပ်ဆောင်ကြပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံ၊ လျှပ်စစ်မီတာဘေလ်ဝန်ဆောင်မှုကုမ္ပဏီ ဝန်ထမ်းများအဖြစ် ဟန်ဆောင်၍ ထိုင်းနိုင်ငံအတွင်းရှိ လျှပ်စစ်မီတာအသုံးပြုသူများအား အဓိကပစ်မှတ်ထားကာ လျှပ်စစ်မီတာလဲလှယ်ရန်လိုအပ်ကြောင်းနှင့် လျှပ်စစ်မီတာဘောက်စ် အာမခံလုပ်ငန်းအား အကြောင်းပြု၍ လိမ်လည်ကြကြောင်း သိရသည်။

လိမ်လည်ရာတွင် ပစ်မှတ်ထားခံရသူများအား ဖုန်းခေါ်ဆိုဆက်သွယ်ခြင်းနှင့် SMS စာတို ပေးပို့ခြင်းများမှတစ်ဆင့် လျှပ်စစ်မီတာဝန် ဆောင်မှု လုပ်ဆောင်ရန် ၎င်းတို့အသုံးပြုသည့် Line Application Account ID သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း ပေးပို့ပြောဆို၍ လိမ်လည်ကြကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်နိုင်ရန်အတွက် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုပြဿနာရပ်များသည် နိုင်ငံတစ်နိုင်ငံတည်း၏ ပြည်တွင်းမှုခင်းပြဿနာအဖြစ်သာမက နိုင်ငံတကာ၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍများကိုပါ ခြိမ်းခြောက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ဖြေရှင်းရန်လိုအပ်လျက်ရှိကြောင်း သိရသည်။
အစိုးရအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝများကို ပျက်စီးစေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများကို ထိရောက်ပြင်းထန်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း သိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့်လည်း ပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မူရင်းသတင်း — NP News