Eleven Media Group

အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံး

အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

မြောက်ကီဗူးပြည်နယ်တွင် လျင်မြန်စွာ ပျံ့နှံ့နေသည့် အီဘိုလာကူးစက်ရောဂါကို တိုက်ဖျက်နေသော ကျန်းမာရေးဝန်ထမ်း ၃ ဦး အပါအဝင် လူပေါင်း ၆၆ ဦး သေဆုံးခဲ့သည့် ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့များ (ADF) ၏တိုက်ခိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် အီတူရီပြည်နယ်တွင်လည်း အလားတူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အတွင်း ADF အဖွဲ့သည် အီတူရီပြည်နယ် မမ်ဘာဆာနယ်မြေ အတွင်းရှိ ကျေးရွာအများအပြားကို တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆုက နောက်ဆုံးဖြစ်ပွားနေသည့် အီဘိုလာကူးစက်ရောဂါကာလ ခြောက်လပြည့်မြောက်ချိန်တွင် ဒေသတွင်း မတည်ငြိမ်မှုများသည် ဒီအာကွန်ဂို၏ အီဘိုလာရောဂါ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်အတွက် အကြီးမားဆုံး အဟန့်အတားများထဲမှ တစ်ခု ဖြစ်နေကြောင်း သတိပေးပြောကြားခဲ့သည်။

မေလအတွင်း စတင်ဖြစ်ပွားကြောင်း ကြေညာခဲ့ချိန်မှစ၍ အီအာကွန်ဂို နိုင်ငံ၏ ၁၇ ကြိမ်မြောက် ဖြစ်သော ယခုနောက်ဆုံး အီဘိုလာကူးစက်ရောဂါသည် ကျယ်ပြောလှသော အာဖရိကအလယ်ပိုင်းနိုင်ငံအတွင်း အဆိုးရွားဆုံး ကပ်ရောဂါတစ်ခု ဖြစ်လာခဲ့ပြီး လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

အဆိုပါ အီဘိုလာဗိုင်းရပ်စ်သည် နှစ်ပေါင်း ၃၀ ကျော်ကြာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသည့် ဒီအာကွန်ဂိုနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။

ADF အဖွဲ့ အပါအဝင် ပြည်သူ့စစ်အဖွဲ့များသည် အဆိုပါဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရန် ကြိုးပမ်းနေကြသည့် ကျန်းမာရေးဝန်ထမ်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၁၁၉၇ ဦးအနက် လူပေါင်း ၅၄၇၁ ဦး သေဆုံးခဲ့ပြီး ဖြစ်သည့်အတွက် သေဆုံးမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းနီးပါး ရှိနေသည်။

မူရင်းသတင်း — Eleven Media Group