Myanmar Digital News

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၁၃

နိုင်ငံတော်အစိုးရ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါ အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ် အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၁၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ ၆ ထပ် အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရား များဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက် ဖြိုချဖျက်ဆီးလျက် ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့် ယာဉ် ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၇ လုံး၊ စုစုပေါင်းအဆောက်အအုံ ၁၁ လုံး တို့ကို စနစ်တကျဖြိုချဖျက်ဆီး ခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရား မဝင်အဆောက်အအုံ ၅၂ လုံးကိုလည်း စနစ်တကျ ဆက်လက် ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

မူရင်းသတင်း — Myanmar Digital News