
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၄
အသုံးပြုခွင့်ရယူထားပြီး သတ်မှတ်ကာလအတွင်း အကောင်အထည်မဖော်နိုင်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာများကို အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လျှောက်ထားသည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများသို့ သဘောထားတောင်းခံရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနရုံးအဖွဲ့များအား ဆောလျင်စွာပြန်ကြားပေးရေး သတိပေးတိုက်တွန်းပေးရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားပြီး သတ်မှတ်ကာလအတွင်း ထိရောက်အကျိုးရှိစွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာများကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီများက စိစစ်၍ ဗဟိုကော်မတီသို့တင်ပြပြီး ဥပဒေနှင့်အညီ မှန်ကန်စွာအရေးယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူက ခွင့်ပြုမိန့်ရရှိထားသည့်မြေအတွက် မြေခွန်ကို သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်သည့် ကာလကုန်ဆုံးသည့်နေ့မှစ၍ တစ်နှစ်လျှင် တစ်ကြိမ်ပေးသွင်းစေရေးအတွက် ၂၀၂၆ ခုနှစ် ဇွန် (၁) ရက်မှစ၍ မြေခွန်နှုန်း ထားအသစ်ဖြင့် ကောက်ခံလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြေခွန်များ အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူဆောင်ရွက်နိုင်ရေးကို တိုင်းဒေသကြီး၊ ပြည်နယ် စီမံခန့်ခွဲရေးကော်မတီများက ကြီးကြပ်ဆောင်ရွက်ပေးကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။