Myanmar Digital News

(၇၉)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသည်ထက် ပိုမိုခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မြစ်ကြီးနား နိုဝင်ဘာ ၁၃

 

(၇၉)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသည်ထက် ပိုမို ခမ်းနား စည်ကား သိုက်မြိုက်စွာ မနောကွင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ကချင်ရိုးရာ ကောက်သစ် စားပွဲတော်ကို ရိုးရာ အစဉ်အလာနှင့်အညီ မဂျွယ်ခန်းမ၌ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အတူတကွ နေ့လယ်စာသုံးဆောင်ခြင်းတို့အပြင် ရှေးဘိုးဘွားတို့၏ ရိုးရာအစဉ်အလာအတိုင်း မနော ရင်ပြင်တွင် ထောင်ကာအကနှင့် ယှဉ်တွဲကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ကချင်ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (၇၉)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

 

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စာပေယဉ်ကျေးမှုအဖွဲ့များက မနောကွင်း မဂျွယ်ခန်းမ၌ ကျင်းပသွားမည့် ကချင်ရိုးရာကောက်သစ် စားပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီဖွဲ့စည်း၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပွဲတော် ကျင်းပရေး အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရိုးရာကောက် သစ်စား အင်လုံအင်နန်ရှားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အပြင် (၇၉)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကိုလည်း စည်ကားသိုက်မြိုက်စွာဖြင့် အားလုံးပါဝင်ဆင်နွှဲနိုင်အောင် စီမံဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်၍ ပွဲတော်မုခ်ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပွဲတော်အထိမ်းအမှတ်အဖြစ် ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကျင်းပပေးသည့် ခါးကွင်း လှည့်ပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာဘာသာရပ်ဆိုင်ရာ ဉာဏ်စွမ်း ပဟေဠိပြိုင်ပွဲများ၊ သုတ/ ရသ စာအုပ်စာစောင်ပြပွဲ၊ အရုပ်ခေါက် ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲ များအပါအဝင် လှပသာယာ ပြည်မြန်မာဓာတ်ပုံပြပွဲနှင့် ရွေ့လျား စာကြည့်တိုက်ဖြင့် စာအုပ်စာစောင် ငှားရမ်းဖတ်ရှုမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ အတွက် ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကို ဆုလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်သည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသ စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းပြီး ပွဲတော်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

 ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News