Eleven Media Group

■အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးများ ရပ်ထားရသည့် လေပိုင်နက်ပိတ်ထားခြင်းကို ပြန်ဖွင့်ပေးလိုက်ပြီဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ပြောကြား

အမေရိကန်ပြည်ထောင်စုက နိုင်ငံ၏လေဆိပ်များ၌ လေယာဉ်များ နာရီနှင့်ချီ ရပ်ထားရသည့် လေပိုင်နက်ပိတ်ထားခြင်းကို နိုဝင်ဘာ ၁၃ ရက်တွင် ပြန်ဖွင့်ပေးလိုက်ပြီဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီက ပြောကြားသည်။

လေပိုင်နက်ပိတ်လိုက်ရခြင်းမှာ ပစ္စည်းကိရိယာအဟောင်းများကြောင့်ဖြစ်သည်ဟု ထိပ်တန်းတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။ အမေရိကန်လေပိုင်နက်ကို ပိတ်ထားရခြင်းမှာ ဆိုက်ဘာတိုက်ခိုက်မှု ကြောင့်မဟုတ်သလို မိုက်ခရိုဆော့ ပြတ်တောက်မှုကြောင့်လည်းမဟုတ်ဟု တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်၌ ပြုလုပ်သည့် ညဥ့်နက်ချိန် သတင်းစာရှင်းလင်းပွဲတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီက အမေရိကန်လေပိုင်နက်ကို အခု ဖွင့်ပေးလိုက်ပါပြီဟု ပြောကြားခဲ့ပြီး ခရီးသွားလာမှု ဝရုန်းသုန်း ကားဖြစ်နေသည့်ကိစ္စ အဆင်ပြေသွားစေရန် အချိန်ယူရမည်ဟုလည်း သတိပေးပြောကြားခဲ့သည်။

"ဒီည အရှေ့ပိုင်းစံတော်ချိန် ၈ နာရီ ၁၅ မိနစ်မှာ ကျွန်တော်တို့က လေပိုင်နက်ကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဒါကြောင့် လေကြောင်းခရီးတိုင်း အခု ပျံသန်းတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား။ လေယာဉ်တွေ တဖြည်းဖြည်းချင်း ခရီးစဉ်တွေကို ပြန်လည် ပျံသန်းပေးတော့မှာပါ"ဟု ဒပ်ဖီက ပြောကြားခဲ့သည်။

ဒပ်ဖီနှင့် အိမ်ဖြူတော်တို့က အမေရိကန်လေကြောင်း ထိန်းသိမ်းရေးစနစ်ကို အဆင့်မြှင့်တင်ရန်နှင့် ခေတ်မီအောင်လုပ်ရန် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ခွင့်ပြုပေး‌ရေး ကွန်ဂရက်ကို တရားဝင်အားဖြင့် တောင်းဆိုခဲ့ပြီး နောက်တစ်ရက်အကြာတွင် အမေရိကန်နိုင်ငံတစ်ဝန်းရှိ လေဆိပ်များတွင် လေယာဉ်များ ရပ်ထားခဲ့သည့်အနေအထားဖြစ်ပေါ်ခဲ့သည်။

ဒေတာများ ပြည့်နေသော switches များနှင့် routers များ ရပ်ကုန်သည်ဟု ဒပ်ဖီက ဆိုခဲ့သည်။ ဒေတာပြည့်နေသော ဟာ့ဝဲအဟောင်းများ ရပ်ကုန်သည်ဟု ဆိုသည်။

ထို့ကြောင့် ထိုပြဿနာအတွက် အမေရိကန်ပြည်သူများက ကွန်ဂရက်ထံမှ ရန်ပုံငွေကို အလိုရှိပါသလားဟု မေးခွန်းထုတ်လိုကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

သို့သော်လည်း လက်ရှိအနေအထားအရ အမေရိကန်ပြည်သူများသည် လေယာဉ်စီးရန် ဘေးကင်းနေဆဲပါဟု ဒပ်ဖီက ပြောကြားသည်။

ဆိုက်ဘာတိုက်ခိုက်ခံရခြင်း သို့မဟုတ် ကမ္ဘာတစ်ဝန်းရှိ မိုက်ခရိုဆော့ဖ်ဝန်ဆောင်မှုများကို ထိခိုက်စေခဲ့သော မိုက်ခရိုဆော့ဖ်ပြတ်တောက်မှုနှင့်ဆက်စပ်နေသည်ဆိုခြင်းကို အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်းမူလင်က ပယ်ချခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group