
ကိုယ်ရေးဆိုင်ရာအချက်အလက်ကာကွယ်ခြင်း နည်းဥပဒေကို အခန်း (၉) ခန်းဖြင့် ပြုစုရေးဆွဲနေသည်ဟု ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ပြောကြားသည်။
နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးကျော်ကျော်လတ်၏ မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစုတစည်းတည်းသော ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်အား အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီးနောက် အဆိုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အများပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်မည်ဆိုပါက အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား အပြန်အလှန်ယုံကြည်မှုရှိသော ဒီဂျစ်တယ်ဂေဟစနစ် တည်ဆောက်နိုင်ရေးကို အထောက်အကူပြုပြီး ဒီဂျစ်တယ်စီးပွားရေး၏ အကျိုးကျေးဇူးများကို ဘေးကင်းလုံခြုံစွာ အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဦးမင်းဇေယျာလှိုင်က ပြောကြားသည်။
ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေပြဋ္ဌာန်းမည်ဆိုပါက မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေများဖြစ်သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေများကဲ့သို့ ဆက်စပ်ဥပဒေများနှင့် မဆန့်ကျင်ဘဲ ဟန်ချက်ညီ ပေါင်းစပ်ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်ကို ထိထိရောက်ရောက်နှင့် လျင်လျင်မြန်မြန်ကာကွယ်နိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေ (Personal Data Protection Regulation) တစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ပြည်သူများ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ကိုယ်ရေးဆိုင်ရာအချက်အလက်ကာကွယ်ခြင်း နည်းဥပဒေကို အခန်း (၉) ခန်းဖြင့် ပြုစုရေးဆွဲနေကြောင်း ဒုတိယဝန်ကြီးက ဦးမင်းဇေယျာလှိုင်က ပြောကြားသည်။
အဆိုပါ နည်းဥပဒေမူကြမ်းတွင် ကိုယ်ရေးဆိုင်ရာအချက်အလက်ပိုင်ရှင်၏ သဘောတူညီချက်နှင့် အခွင့်အရေးများကို သီးခြားအခန်းတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲထားပြီး ကိုယ်ရေးဆိုင်ရာ အချက် အလက်ပိုင်ရှင်၏ အချက်အလက်များကို ကောက်ခံသည့်အခါ အတင်းအကျပ်ပြုမှု၊ မသင့်လျော်သော လွှမ်းမိုးမှုမျှမပြုဘဲ လွတ်လပ်သောဆန္ဒဖြင့် ပေးအပ်ခြင်းဖြစ်ရန်နှင့် အချက်အလက်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ နည်းလမ်း၊ အသုံးပြုရမည့် အခြေအနေ၊ သက်ဆိုင်ရာအခွင့်အလမ်းများကို ကြိုတင်အသိပေးပြီးမှ တောင်းခံရန် စသည့်အချက်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အချက်အလက်များ စီမံထိန်းသိမ်းထားမှုနှင့်စပ်လျဉ်း၍ စိစစ်သိရှိခွင့်၊ ကြည့်ရှုခွင့်နှင့် မိတ္တူတောင်းခံရယူခွင့် စသည့်အချက်များကို ထည့်သွင်းထားပြီး မလိုအပ်ဘဲ သို့မဟုတ် မလျော်ကန်စွာ ထိန်းသိမ်းထားသည့် အချက်အလက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခြင်း၊ အခြားဝန်ဆောင်မှု ပေးသူထံသို့ လွှဲပြောင်းရန် တောင်းဆိုခြင်းအပြင် အချက်အလက်စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းတို့ကိုပါ ကန့်ကွက်ငြင်းပယ်ခွင့် စသည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲထားကြောင်း ဒုတိယဝန်ကြီးက ဦးမင်းဇေယျာလှိုင်က ပြောကြားသည်။
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အပြီးသတ်ညှိနှိုင်းဆောင်ရွက်မှုများ ပြီးစီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်မီ၍ ဘက်စုံလွှမ်းခြုံနိုင်သော တစုတစည်းတည်း ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနည်းဥပဒေတစ်ရပ်အနေဖြင့် လျင်မြန်စွာပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ဦးမင်းဇေယျာလှိုင်က ပြောကြားသည်။
ဥပဒေတစ်ရပ်အနေဖြင့် သီးခြားပြဋ္ဌာန်းမည်ဆိုပါက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်လည်ညှိနှိုင်းခြင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတို့၏ သဘောထားမှတ်ချက်များရယူခြင်း စသည့် လုပ်ငန်းစဉ်များအပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အခန်း (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်ပုဒ်မများကို ရုပ်သိမ်း၍ ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်မည့် အချိန်ကာလသည် နည်းဥပဒေပြဋ္ဌာန်းနိုင်မည့် အချိန်ကာလထက် ပိုမို အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဦးမင်းဇေယျာလှိုင်က ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက အဆိုရှင်၏ သဘောထားအား မေးမြန်းရာ အဆိုရှင်က အဆိုအား အတည်ပြုပေးပါရန် ပြောကြားသဖြင့် လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာခဲ့သည်။