Eleven Media Group

■ ရွှေမော်ဓောစေတီတော် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်ပူဇော်

ပဲခူးမြို့ ရွှေမောဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းအောင်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြှော်ကြည်ညိုပြီး ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံတန်ဆောင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ အောင်မြင်ပြီးစီးမှု အထိမ်းအမှတ်ပုံတော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရှစ်ပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းကာ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အလှူရှင်များနှင့်အတူ သံဃာတော် အပါး ၉၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံတန်ဆောင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများကို နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်၍ အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group