NP News

ရွှေမော်ဓောစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံတန်ဆောင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်းကို သမ္မတနှင့်ဇနီးတို့ဦးဆောင်ကာ အလှူရှင်များနှင့် စုပေါင်းလှူဒါန်းခဲ့

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၄

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံတန်ဆောင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်းကို နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်ကာ အလှူရှင်များနှင့် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၁၄ ရက်) နံနက် ပိုင်းတွင်ကျင်းပပြုလုပ်သည့် ပဲခူးမြိုရှိ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော် မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ် ရေစက်ချကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတက်ရောက်၍ စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညို ပူဇော်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးသည် စေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြှော်ကြည်ညိုပြီး ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံ တန်ဆောင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ အောင်မြင်ပြီးစီးမှု အထိမ်းအမှတ်ပုံတော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ရှစ်ပါးသီလခံယူ ဆောက်တည်ကာ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းကာ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အခမ်းအနားပြီးနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အလှူရှင်များနှင့်အတူ သံဃာတော် အပါး (၉၀၀) နှင့် သီလရှင်အပါး (၁၀၀)တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်း လှူခဲ့ကြောင်း သိရသည်။
ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံတန်ဆောင်း ပြန်လည် မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ဦးဆောင်၍ အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News