NP News

တရုတ်တိုင်ပေအရေးက တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းပေးတာဝန်ဖြစ်သည်ဟု တရုတ်သမ္မတဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄

တရုတ်သမ္မတ ရှီကျင့်ဖျင့်က တရုတ်နိုင်ငံအနေဖြင့် တရုတ်တိုင်ပေနှင့် ငြိမ်းချမ်းစွာပြန်လည်လုပ်ဆောင်နိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံနှင့် တရုတ်တိုင်ပေကြား အငြင်းပွားမှုများမြင့်တက်နေချိန်တွင် တရုတ်သမ္မတက ယင်းကဲ့သို့ပြောဆိုလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်သမ္မတက နိုဝင်ဘာ (၁၂) ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) ၌ ပြောကြားသည့်မိန့်ခွန်းတွင် တရုတ်တိုင်ပေအရေးကို ဖြေရှင်းခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ မယိမ်းယိုင်သော သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောသည်။

သမ္မတရှီကျင့်ဖျင်က ‘သမိုင်းရဲ့ ဒီရေလှိုင်းကို တားဆီးလို့မရနိုင်ပါဘူး။ တရုတ်တိုင်ပေကို အမိမြေနဲ့ အလုံးစုံ ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်ပြီး အသေအချာလည်း အကောင်အထည်ပေါ်လာ မှာဖြစ်ပါတယ်’ဟုပြောသည်။ တရုတ်နိုင်ငံက ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်နေသော တရုတ်တိုင်ပေကို ၎င်းတို့၏ ကိုယ် ပိုင်နယ် မြေအဖြစ်ရှုမြင်ထားသော်လည်း တရုတ်တိုင်ပေက တရုတ်အစိုးရ ၏ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် တရုတ်တိုင်ပေနှင့်ပြန်လည်ပေါင်းစည်းရန်အတွက် နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

တရုတ်တိုင်ပေ၏ တရုတ်ပြည်မကြီးဆိုင်ရာကောင်စီက တရုတ်တိုင်ပေအစိုးရသာမက တရုတ်တိုင်ပေ ပြည်သူများကလည်း “နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုးကို လက်ခံနိုင်မည် မဟုတ်ကြောင်း၊ ၎င်းသည် အဆုံးသတ်တွင် ကွန်မြူနစ်ပါတီ၏အုပ်ချုပ်မှုအောက်သို့ ဝင်ရောက်ခေါင်းငုံ့ပေးလိုက်ခြင်းပင်ဖြစ်သည်” ဟု ဆိုသည်။
တရုတ်တိုင်ပေ၏ တရုတ်ပြည်မကြီး ဆိုင်ရာကောင်စီ ပြောရေးဆိုခွင့်ရှိသူက “တရုတ်တိုင်ပေ ပြန်လည် ပေါင်း စည်းရေးနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကတော့ အရင်တုန်းကနဲ့ အများကြီးကွာခြားသွားတာမရှိပါဘူး” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News