
နိုဝင်ဘာ - ၁၄ ( စနေနေ့ )
ရုရှား၊ တရုတ်နဲ့ အမေရိကန် သမ္မတတွေဟာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးရဲ့ ဘေးဘက်တွေ့ဆုံမှု အနေနဲ့ ၃ နိုင်ငံထိပ်သီးတွေ့ဆုံမှုကို ပြုလုပ်သွားဖို့ရှိနေပါတယ်။
အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြချက်အရ အဲဒီလို သုံးနိုင်ငံ ထိပ်သီးတွေ တစ်ခါမှ မတွေ့ဖူးသေးဘဲ အခုလို ပထမဆုံးအကြိမ် တွေ့ဆုံမယ့် အစီအစဉ်ကို အိမ်ဖြူတော်ကလည်း သောကြာနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ နျူကလီးယား လက်နက်ကန့်သတ်ရေးအပြင် ယူကရိန်းနဲ့ အီရန် ပဋိပက္ခတွေအပါအဝင် နိုင်ငံတကာ လုံခြုံရေးကိစ္စတွေကို အဓိကထား ဆွေးနွေးကြဖို့ ရှိပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာလ ၁၈ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံဖို့ ရှိနေတာ ဖြစ်ပါတယ်။
ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ကလည်း အဲဒီလာမယ့် အစည်းအဝေးကိစ္စကို သမ္မတ ပူတင်နဲ့အတူ ထရမ့်ရဲ့ သတ်မှတ်ကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ် ဝစ်ကော့ဖ်၊ ဂျာရက် ကူရှနာတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ "ဒီပုံစံမျိုးနဲ့ ပထမဆုံး ပြုလုပ်မယ့် ဒီဆွေးနွေးပွဲဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်" လို့ အူရှာကော့က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေတုန်းက အဘူဒါဘီမြို့မှာ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသေးတယ်။
ကမ္ဘာ့ ရေနံနဲ့ LNG တင်ပို့မှုအတွက် အလွန်အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်မှာတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် သွားလာလှုပ်ရှားမှုတွေ အဟန့်အတား ဖြစ်နေဆဲဖြစ်ပြီး စွမ်းအင်စျေးနှုန်းတွေလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရီပတ်ဗလစ်ကန်ပါတီ ရှုံးနိမ့်သွားပြီးနောက် သမ္မတ ထရမ့်အနေနဲ့ စစ်ရေးလုပ်ငန်းစဉ် အကြီးစားတွေကို ပြန်လည်စတင်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။
REF: RT
#News #Myanmar