
ဒေါ်နယ်ထရန့်၊ ဗလာဒီမာပူတင်၊ ရှီကျင်းပင်တို့သည် လာမည့်အပတ် ရှန်ကျန်းတွင် ပြုလုပ်မည့် ထိပ်သီး၌ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်တို့၏ ခေါင်းဆောင်ချင်း ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ကျင်းပလိမ့်မည်ဟု နိုဝင်ဘာ ၁၃ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ထရန့်က နိုဝင်ဘာ ၁၉ ရက် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွင် နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆွေးနွေးရန် ဆန္ဒရှိနေပြီး ၎င်းဆင်နွှဲနေသည့် အီရန်စစ်ပွဲအကြောင်းကိုလည်း ဆွေးနွေးမည်ဟု မျှော်လင့်ရသည်ဆိုသော်လည်း ယူကရိန်း၌ ရုရှားဆင်နွှဲနေသော စစ်ပွဲကို ဆွေးနွေးမည်ဟု မမျှော်လင့်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ခေါင်းဆောင်သုံးဦးသည် တရုတ်တောင်ပိုင်းမြို့ရှန်ကျန်း၌ ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (အေပက်) ညီလာခံ၏ ဘေးဆွယ်အစည်းအဝေးများတွင် တွေ့ဆုံကြလိမ့်မည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာဝေးလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
"အခြားအကြောင်းအရာတွေထဲမှာ သမ္မတက ရှင်းရှင်းလင်းပြောကြားထားတဲ့အကြောင်းအရာကတော့ ကမ္ဘာမှာ နျူကလီးယားလက်နက်တွေ လျှော့ချရေးကို ဆွေးနွေးမယ်ဆိုတာပဲဖြစ်ပါတယ်။ အဲဒီနျူကလီးယား လက်နက်ပြန့်ပွားမှုဟာ အလွန်အန္တရာယ်များတယ်လို့ သမ္မတက ယုံကြည်ထားပါတယ် "ဟု ဝေးလ်က ပြောကြားခဲ့သည်။
ထရန့်၏ ဒုတိယသက်တမ်းကို လွှမ်းမိုးထားသော ပဋိပက္ခများထဲက တစ်ခုကို ဆွေးနွေးမည်ဖြစ်သော်လည်း အခြားပဋိပက္ခတစ်ခုကိုမူ ဆွေးနွေးလိမ့်မည်မဟုတ်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။
"သမ္မတဟာ ရှီ၊ ပူတင်တို့နဲ့ သုံးပွင့်ဆိုင်တွေ့ဆုံရာမှာ အီရန်ကိစ္စ ဆွေးနွေးမယ်လို့ ရည်ရွယ်ထားတယ် ထင်ပါတယ် "ဟု အမည်မဖော်လိုသူ အကြီးတန်းအမေရိကန်တာဝန်ရှိသူက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဝါရှင်တန်သည် ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် ရုရှား၊ ယူကရိန်းတို့နှင့် ဆွေးနွေးနေသည်ဟု ယင်းတာဝန်ရှိ သူက ပြောကြားခဲ့သည်။ အဆိုပါ ယူကရိန်းဆွေးနွးပွဲတွင် တရုတ်မပါဝင်သောကြောင့် ရှန်ကျန်းတွင် သမ္မတထရန့်က ယူကရိန်းကိစ္စဆွေးနွေးလိမ့်မည်မဟုတ်ဟု ဆိုသည်။
Ref:AFP