NP News

အကယ်ဒမီရွှေကြိုအတွက် အမျိုးသား၊ အမျိုးသမီးများ စတင်လျှောက်ထားနိုင်ပြီ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၄

နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အကယ်ဒမီဆုဗန်းကိုင်ရွှေကြိုအတွက် အမျိုးသား၊ အမျိုးသမီးများ စတင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားသူများသည် လာမည့် ဒီဇင်ဘာ (၃၁) ရက်တွင် အသက် (၁၆) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူများဖြစ်ရမည်ဖြစ်ကာ အိမ်ထောင်မရှိသူ လူပျို၊ အပျိုများဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများသည် အရပ်အမြင့် (၅) ပေ (၂) လက်မမှ (၅) ပေ (၈) လက်မအတွင်းရှိရမည်ဖြစ်ပြီး အမျိုးသားများသည် အရပ်အမြင့် (၅) ပေ (၆) လက်မမှ (၆) ပေအတွင်းရှိရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနှင့် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူများလည်း ဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျှောက်လွှာများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ် (၁၆) ၊ ဝင်္ကပါလမ်းတွင် လာမည့် နိုဝင်ဘာ (၁၆) ရက်မှစတင်၍ ရုံးဖွင့်ရက်များအတွင်း ထုတ်ယူနိုင်ပြီး ဒီဇင်ဘာ (၃) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအတွက် ရွေးချယ်သည့် ရွှေကြိုဦးရေမှာ တစ်နှစ်နှင့်တစ်နှစ် ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ နှစ်အလိုက်ပြောင်းလဲမှုများရှိနေပြီး ယေဘုယျအားဖြင့် ဆန်ခါတင်အဆင့်မှ နောက်ဆုံးအဆင့်အထိ စုစုပေါင်း (၂၀) ဦးမှ (၃၀) ဦးဝန်းကျင်ခန့် ရွေးချယ်လေ့ရှိသည်။

မူရင်းသတင်း — NP News