
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမြောက်ဘက်၊ ဘုရင့်နောင်လမ်းပေါ်တွင် ရေမြောင်းဖုံး ပြိုကျပြီး လမ်းအပေါက် ဖြစ်ပေါ်နေသည့်အတွက် သတိထားသွားလာရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ဘုရင့်နောင်လမ်းပေါ်ရှိ အဆိုပါ လမ်းအပေါက်မှာ ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းကမှ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး တဖြည်းဖြည်း ကျယ်ပြန့်လာသည့်အတွက် လက်ရှိတွင် အလျား ၃ ပေကျော်၊ အနက် ၂ ပေခန့်ရှိပြီဖြစ်ကာ ဆက်လက် ကျယ်ပြန့်လာနိုင်ကြောင်း သိရသည်။
“လမ်းပေါ်မှာ ဒီလောက်အပေါက်ကြီး ဆိုတော့ ကားတွေ၊ ဆိုင်ကယ်တွေအတွက် အန္တရာယ်များပါတယ်။ အခုချိန်က တန်ဆောင်တိုင်ကာလ ယာဉ်အသွားအလာလည်း များတဲ့အချိန်ဖြစ်တော့ အန္တရာယ် မဖြစ်အောင် သက်ဆိုင်ရာဌာန တွေက အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ်” ဟု တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လမ်းအပေါက်ဖြစ်ပေါ်နေသည့် နေရာကို အနီးဝန်းကျင် ဒေသခံများက ဝါးများဖြင့် အသုံးပြုကာရံကာ စာကပ်သတိပေးထားပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။
“အဲဒီလမ်းက လူအများ ဖြတ်သန်းသွာလာနေတဲ့ လမ်းဖြစ်တဲ့အပြင် ကျောင်းနဲ့လည်း နီကပ်နေတာကြောင့် ကျောင်းသား/သူတွေ၊ ကလေးကြို/ပို့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေ၊ ကားတွေအတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။ လမ်းပိတ်ဆို့မှုလည်း ဖြစ်နေပါတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
အဆိုပါ လမ်းအပေါက်ဖြစ်ပေါ်နေသည့် နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအနေဖြင့် အမြန်ဆုံး လာရောက်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။