
Pika (NP News) - နိုဝင်ဘာ ၁၄
အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လန်မြို့မှာ ကမ်းကပ်ထားတဲ့အပျော်စီးသင်္ဘောတစ်စင်းကို ကတ္တရာတင်ထားတဲ့သင်္ဘောတစ်စင်းက ဝင်တိုက်ခဲ့တာကြောင့် အပျော်စီးသင်္ဘောက တစ်ခြမ်းစောင်းပြီးနစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
အပျော်စီးသင်္ဘောကတစ်ခြမ်းစောင်းသွားမှုနဲ့အတူ ခရီးသည်တွေလည်း မြစ်ထဲကို ထွက်ကျသွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုဖိုင်တွေမှာ Atlantic Asphalt လို့ အမည်ရတဲ့ ကတ္တရာတင်သင်္ဘောကြီးက American Heritage အပျော်စီးသင်္ဘောရဲ့ဘေးဘက်ကို တိုက်ရိုက်ဝင်တိုက်မိထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
တိုက်မိမှုဖြစ်ပွားချိန်မှာ American Cruise Lines ကုမ္ပဏီက ပြေးဆွဲနေတဲ့အပျော်စီးသင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း စုစုပေါင်း(၁၈၀)ဦး ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်မိမှုဖြစ်ပွားခဲ့ပြီးနော်က အပျော်စီးသင်္ဘောက ဘေးဘက်ကိုတိမ်းစောင်းသွားပြီး နစ်မြုပ်သွားခဲ့တာကြောင့် ဆွဲသင်္ဘောတွေ၊ရဲတပ်ဖွဲ့နဲ့ အခြားကယ်ဆယ်ရေးသမားတွေက ချက်ချင်းရောက်ရှိလာခဲ့ကြပြီး ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့ပြင် တိုက်မိမှုအပြီးမှာ အပျော်စီးသင်္ဘောပေါ်မှာပါလာတဲ့လူအားလုံးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်လို့လည်း နယူးအော်လန်မြို့တော်ဝန်ဟယ်လီနာမိုရီနိုက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း တိုက်မိမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အစောပိုင်းအချက်အလက်တွေအရ ကတ္တရာတင်သင်္ဘောက ထိန်းချုပ်မှုလွတ်သွားခဲ့ပြီးနောက် အပျော်စီးသင်္ဘောကို ဝင်တိုက်မိခဲ့တာဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
