
ဓားထောက်ပြီး လုယက်ယူသွားခဲ့သည့် ဆိုင်ကယ်အား TikTok ပေါ်တင်ခဲ့ရာမှ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှ ကဒက်ထောက်ကျေးရွာသို့သွားသည့် ကျိုက္ခမီ - ကဒတ်ထောက် ကမ်းခြေပတ်လမ်းလမ်းရှိ ထန်းတောအနီးတွင် ချိန်းတွေ့နေကြသည့် သမီးရည်းစားစုံတွဲထံ ဆိုင်ကယ်တစ်စီးဖြင့် လူငယ်ယောကျင်္ားလေးနှစ်ဦး ရောက်ရှိလာကာ ဓားထောက်ပြီး လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်အား လုယက်သွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး " အဲ့ဒီလူငယ်နှစ်ယောက်က သမီးရည်းစားစုံတွဲထံကနေ ဖုန်းက iphone 16 တစ်လုံးနဲ့ iPhone 14 တစ်လုံး၊ ဆိုင်ကယ်က click 160 smart key တစ်စီး လုယူပြီး မောင်းပြေးသွားတာလို့ သိရပါတယ်" ဟု ပြောကြားသည်။
ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံရသူများမှ ကျိုက္ခမီနယ်မြေရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ထိုဖြစ်စဉ်မှ ဓားထောက်ပြီး ဖုန်းနှင့် ဆိုင်ကယ်အား လုယက်သွားသည့် လူငယ်ယောက်ျားလေးနှစ်ဦးကို ယင်းနိုဝင်ဘာ ၁၃ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး "ဖမ်းဆီးရမိထားတဲ့လူငယ်နှစ်ဦးက သံဖြူဇရပ်မြို့မှာ နေထိုင်သူတွေပါ။ သူတို့နှစ်ဦးထဲက တစ်ဦးက လုယက်ထားတဲ့ ဆိုင်ကယ်ကို သူ့ရဲ့ Tik Tok အကောင့်ပေါ် တင်ထားတာကို တွေ့ရလို့ တရားခံတွေကို အချိန်တိုအတွင်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နှစ်ဦးလုံးက အသက် (၁၆) နှစ်ဝန်းကျင်အရွယ်တွေပဲ ရှိကြသေးတယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက္ခမီနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) ညပိုင်းကလည်း အဆိုပါ ကျိုက္ခမီ - ကဒတ်ထောက် ကမ်းခြေပတ်လမ်းလမ်းရှိ ထန်းတောအနီးတွင် ချိန်းတွေ့နေကြသည့် သမီးရည်းစားစုံတွဲတစ်တွဲ ရိုက်နှက်ခံရပြီး ဆိုင်ကယ်၊ ဖုန်းနှင့် လက်ဝတ်ပစ္စည်းများ လုယက်ခံခဲ့ရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။