Voice of Myanmar

နားတီးဘက်မှာ ရေအားလျှပ်စစ် ထပ်မံတည်ဆောက်ရင်း ရွှေပါတယ်လို့ယူဆရတဲ့ မြေတွေကို တရုတ်ဘက် သယ်ယူ​နေ

နိုဝင်ဘာ ၁၄၊ ၂၀၂၆

Shy V (VOM)

MNDAA ထိန်ချုပ်ထားတဲ့ သိန္နီမြို့နယ်၊ နားတီးဘက်မှာ လက်ရှိ တရုတ်လုပ်ငန်းရှင်တွေက ရေအား လျှပ်စစ် ထပ်မံတည်ဆောက်လာပြီး ရွှေပါတယ်လို့ယူဆရတဲ့ မြေတွေပါ တရုတ်ဘက် သယ်ယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“နားတီး ရေအားလျှပ်စစ်တော့ လုပ်နေပြီ။ အရင်က အစိုးရ လုပ်လက်စ ရှိခဲ့တဲ့ နေရာ ဟုတ် မဟုတ် သေချာ မသိဘူး” လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။

MNDAA ထိန်းချုပ် နယ်မြေမှာတော့ ဖွံ့ဖြိုးရေး လုပ်ငန်း တော်တော်လုပ်လာတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

နားတီးမှာ ရေအားလျှပ်စစ် ထပ်လုပ်နေတယ် ဆိုတာ ဟုတ်မယ်။ အရင် အစိုးရ ရဲ့ ရေအား လျှပ်စစ်စီမံကိန်း အောက်ဘက်မှာ။ ရွှေတူးနေတာ အဲဒီဘက်။ အတွင်းထဲက မြေကြီးတွေ၊ ဘာတွေ အခု ညည ဆိုရင် ကားကြီးတွေနဲ့၊ တရုတ်ဘက်က ၁၂ ဘီးကားတွေနဲ့ မိုးကာတွေဖုံးအုပ်ပြီး သယ်သယ် သွားတယ်။ မြေကြီးတွေလည်း သယ်သွားတယ်။ ကျောက်တွေလည်း သယ်သွားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

အဲဒီ နေရာကနေ နားတီးရွာအထိ စက်ယန္တရား ကြီးတွေနဲ့ တောင်ပေါ် လမ်းမကြီး ဖောက်နေတာ လမ်းပေါက်ခါနီးပြီလို့ သူက ‌ေပြာပါတယ်။

နားတီးဘက်မှာ အရင်အစိုးရလက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတခုလည်း ရှိနေပြီး ၂၀၂၅ ခုနှစ်မှာ အပြီးသတ်ဖို့ မျှော်မှန်းထား ပေမယ့် တိုက်ပွဲကြောင့် လုပ်ငန်းရပ်နားခဲ့ရကြောင်း သူက ထပ်မံ ပြောပြပါတယ်။

အဲဒီ ရပ်နားထားလိုက်ရတဲ့ စီမံကိန်း နေရာရဲ့ အောက်ဘက်မှာ တရုတ်လုပ်ငန်းရှင်တွေက MNDAA တပ်ဖွဲ့ရဲ့ ခွင့်ပြုမိန့် နဲ့ ရေအားလျှပ်စစ် စီမံကိန်း ထပ်လုပ်နေရင်း ရွှေတူးဖော် မြေ၊ ကျောက်တွေ သယ်ယူနေတာလို့ ယူဆရတယ်လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လဆန်းကစ ပုန်းထွန် မန်ပြိန်းအောက်ဘက်ရှိ သိန္နီရေအားလျှပ်စစ်စီမံကိန်းက လျှပ်စစ်ဓာတ်အားတွေကို စတင် ဖြန့်ဖြူး နေပြီဖြစ်ပြီး သိန္နီမြို့နယ်အပြင် ကွတ်ခိုင်နဲ့ နမ့်စလပ်ဘက်ထိ ဖြန့်ဖြူးပေးနေကာ လျှပ်စစ်မီတာခမှာ အိမ်သုံးတယူနစ် ၄၀၀ ကျပ်၊ ဆိုင်သုံးတယူနစ် ၈၀၀ ကျပ် သတ်မှတ်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မူရင်းသတင်း — Voice of Myanmar