Myanmar Digital News

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ် ရေစက်ချကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနား ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ် ရေစက်ချကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပူဇော်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပဲခူးမြို့ မြို့မကျောင်းဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများဖြစ်ကြသည့် သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သိရိန္ဒ၊ ကြခတ်ဝိုင်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယဓမ္မာဘိဝံသတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒေါက်တာစိုးဝင်း၊ ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက် အာရုံခံတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။ 

 

ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ် ရေစက်ချကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။

 

၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ 

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ရွှေစင်ရွှေသား ရွှေသင်္ကန်းတော်ကပ်လှူပူဇော် အောင်မြင်ခဲ့သည့် သာဟတ္ထိကမြောက်အောင် စီစဉ်ထားသည့် ပုံတော်နှင့် လှူဖွယ်ပစ္စည်းများအား မြို့မကျောင်းဆရာတော်ကြီးထံလည်းကောင်း၊ ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ပြီးစီးအောင်မြင်ခဲ့သည့် အရှေ့ဘက်အာရုံခံတန်ဆောင်းပုံတော်နှင့် လှူဖွယ် ပစ္စည်းများအား ကြခတ်ဝိုင်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။ 

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

 

၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ကြခတ်ဝိုင်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ 

 

ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေသား ရွှေသင်္ကန်းတော်ကပ်လှူ၍ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ရာတွင် အမှားအယွင်းနှင့် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်လွှာစာတမ်းကို ဘုရားဒါယကာ၊ ဒါယိကာမများကိုယ်စား အခမ်းအနားမှူးက ဖတ်ကြားလျှောက်ထားတောင်းပန်ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် စတုဒိသာတည်ခင်းကျွေးမွေးဧည့်ခံနေမှုကို လိုက်လံကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ 

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ထားသည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူရန် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်ပြီး ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များသည် သံဃာတော်အပါး ၉၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။

 

သမိုင်းကြောင်းများအရ သုံးလောကထွတ်ထား ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ဇောင်းတူမြို့သား မဟာသာလနှင့် စူဠသာလကုန်သည်ညီနောင်တို့အား “ဆံတော်နှစ်ဆူ” ကို ပေးသနားတော်မူခဲ့ရာ ကုန်သည်ညီနောင်တို့က သုဒဿနတောင်တော်တွင် ဌာပနာ၍ ဉာဏ်တော် ၇၅ ပေရှိ ရွှေမော်ဓောစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာသက္ကရာဇ် ၁၈၇ ခုနှစ် နှင့် ၂၀၂ ခုနှစ်တို့တွင် သမလမင်းက စေတီတော်၏ ဉာဏ်တော်ကို ၈၁ ပေအထိလည်းကောင်း၊ ဝိမလမင်းကဉာဏ်တော် ၈၈ ပေ အထိလည်းကောင်း အသီးသီးတိုးမြှင့် တည်ထားပူဇော်ခဲ့ကြကြောင်း၊ သက္ကရာဇ် ၃၄၄ ခုနှစ်တွင် အနုရာမမင်းက “သွားတော်မြတ်တစ်ဆူ” ကို စေတီတော်တွင် ထပ်မံဌာပနာခဲ့ပြီး သက္ကရာဇ် ၈၅၄ ခုနှစ်တွင် ဗညားရန်က ထီးတော်အသစ်ကို လှူဒါန်းပူဇော်ခဲ့ကြောင်း၊ သက္ကရာဇ် ၁၂၇၄ ခုနှစ်၊ ၁၂၇၉ ခုနှစ်နှင့် ၁၂၉၂ ခုနှစ်တို့၌ ပဲခူးနယ်တစ်ဝိုက်၌ လှုပ်ခတ်ခဲ့သည့်ငလျင်များကြောင့် စေတီတော်ကြီးသည် အောက်ခြေပထမပစ္စယံအထိ အကြီးအကျယ်ပျက်စီးခဲ့ပြီး ၁၂၇၉ ခုနှစ် ငလျင်ကြောင့် မြေခခဲ့သည့် ငှက်ပျောဖူးပုံတော်ကို စေတီတော်ကြီး၏အောက်ခြေ တနင်္ဂနွေထောင့်တွင် ယနေ့တိုင် ဖူးတွေ့နိုင်ကြောင်း၊ ထို့နောက် နိုင်ငံတော်အစိုးရ အဆက်ဆက်နှင့် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့ ညီညွတ်စွာဖြင့် ဉာဏ်တော် ၃၇၃ ပေ ၉ လက်မရှိ စေတီတော်မြတ်ကြီးအား သက္ကရာဇ် ၁၃၁၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့တွင် ထီးတော် အောင်မြင်စွာ တင်နိုင်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် စေတီတော်မြတ်ကြီးကို အစဉ်အဆက်  ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် စေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြည်ညိုစဉ် စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လှည့်လည်ဖူးမြော်ကြည်ညိုနိုင်ရေး ရင်ပြင်တော်အပြည့် နေပူခံစကျင်ကျောက်ပြားများ ခင်းကျင်းလှူဒါန်းနိုင်ရေး ဦးဆောင်လှူဒါန်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး ဦးဆောင်၍ ရဟန်းရှင်လူပြည်သူများ၊ ခုနစ်ရက်သားသမီး အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေသားရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် ရင်ပြင်တော်ပေါ်ရှိ အရှေ့ဘက်အာရုံခံတန်ဆောင်းတော်ကြီး ပြန်လည်မွမ်းမံ တည်ဆောက်ခြင်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်သောကြောင့် ယနေ့တွင် ရေစက်ချကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News