
ရန်ကုန် နိုဝင်ဘာ ၁၄
ရွှေတိဂုံစေတီတော် ပရိဝုဏ်အတွင်း ဗုဒ္ဓသာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံပြင်ဆင်လျက်ရှိပြီး ရွှေတိဂုံစေတီတော် ပရိဝုဏ်ရှိ ဗုဒ္ဓဝင်ပြခန်း၌ လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ခန့်က ရွှေတိဂုံစေတီတော်တွင် တည်ထားခဲ့သည့် အဆောက်အအုံများမှ ကျွန်းတိုင်လုံးများ၊ နေပူခံကျောက်ပြားများကို ပြသထားသည်၊၊
ထိုသို့ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဗုဒ္ဓဝင်ပြခန်းကို ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သွားရောက်ကြည့်ရှုပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား စဉ်ဆက်မပြတ် တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ ဂေါပကစည်းမျဉ်းပါ သတ်မှတ်အရည်အချင်းများနှင့်အညီ ကိုက်ညီအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စေတီတော်၏ ဝတ္တကမြေအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် အဂါရဝဖြစ်စေသော အပြုအမူများ မပြုလုပ်ကြစေရေး၊ ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် စိတ်ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်များကို စည်းကမ်းတကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ အလှည့်ကျသဘာပတိ ဦးအောင်ဇေယျလင်းနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် လုပ်ငန်းဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့ပြင် ပြခန်းအတွင်းရှိ ဗုဒ္ဓဝင်ပြခန်း ၂၈ ခန်း ပြကွက်များ၊ ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ ဆောင်ရွက်တော်မူခဲ့ကြသော သင်္ဂါယနာတင်ပြကွက်များ၊ မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဖြစ်တော်စဉ်ပြကွက်များ၊ နှစ်ကျိပ်ရှစ်ဆူဘုရားများပြကွက်နှင့် ပြခန်းအပေါ်ထပ်ရှိ ဗုဒ္ဓဂါယာပြကွက် ရုပ်ကြွပုံစံငယ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများ ပြကွက် ရုပ်ကြွပုံစံငယ်များကိုလည်းကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးကာ လွန်ခဲ့သော (၁၉၉၂-၁၉၉၃) ခုနှစ်က စတင်တည်ဆောက်ခဲ့သော ဗုဒ္ဓဝင်ပြခန်းအား ရှေးမူမပျက် ယခုထက်ပိုမို၍ သန့်ရှင်းသပ်ရပ် စနစ်ကျစွာထားရှိရေးအတွက် တာဝန်ရှိသူများအား အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်၊၊
သတင်းစဉ်