Myanmar Digital News

ဆရာ ဆရာမများကိုယ်တိုင် ကာယပညာနှင့် အားကစားဆိုင်ရာ သီအိုရီ၊ လက်တွေ့ကျွမ်းကျင်မှုနှင့် သင်ကြားနည်းစနစ်သစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန် လိုအပ်


နေပြည်တော် နိုဝင်ဘာ ၁၄

 

အခြေခံပညာကျောင်းများတွင် ကာယပညာနှင့် အားကစားပညာကို ထိရောက်စွာ သင်ကြားပို့ချနိုင်ရန်အတွက် ဆရာ ဆရာမများကိုယ်တိုင် ကာယပညာနှင့် အားကစားဆိုင်ရာ သီအိုရီ၊ လက်တွေ့ကျွမ်းကျင်မှုနှင့် သင်ကြားနည်းစနစ်သစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန်လိုကြောင်း ယနေ့နံနက်ပိုင်းက တောင်ငူပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည့် ကာယပညာနှင့် အားကစားဒီပလိုမာသင်တန်းအမှတ်စဉ် (၁/ ၂ဝ၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပြောကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက ကာယနှင့် အားကစားပညာရပ်ဆိုင်ရာ အသိပညာ၊ လက်တွေ့ကျွမ်းကျင်မှု သင်ကြားနည်းစွမ်းရည်၊ စီမံခန့်ခွဲနိုင်စွမ်းတို့ကို တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆရာ ဆရာမများ၏ ကာယပညာနှင့် အားကစားဆိုင်ရာ အသိပညာကျွမ်းကျင်မှုကို သင်ကြားပို့ချနိုင်စွမ်းမြှင့်တင်ရန်နှင့် အခြေခံပညာမှ ကျောင်းသား ကျောင်းသူများအား ကာယနှင့် အားကစားနည်းများ သင်ကြားပေးမည့် အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ ဆရာမများအတွက် ယခုသင်တန်းကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် ကျောင်းသား ကျောင်းသူများကို ထိရောက်စွာ လက်ဆင့်ကမ်း သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၂၉ ရက်အထိ ခြောက်လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ သင်တန်းသား ၂၀၀ တက်ရောက်လျက်ရှိကာ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာဦးစီးဌာနတို့မှ အငြိမ်းစားပညာရှင် ဆရာကြီး ဆရာမကြီးများနှင့် ဆရာ ဆရာမများက သင်ကြားပို့ချလျက်ရှိပြီး စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ပြေးခုန်ပစ်နှင့် ဘောလုံးစသည့် အားကစားနည်း ခုနစ်နည်းကိုလည်း စာတွေ့၊ လက်တွေ့ သင်ယူကြရမည်ဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်၍ လက်တွေ့သင်ကြားသင်ယူနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းပရဝဏ်အတွင်းရှိ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာမှုရှိစေရေးနှင့် ဘောလုံးကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News