
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
မကြာသေးခင်ကာလက သီတင်းကျွတ်မီးထွန်းပွဲတော်ကြီး ပြီးသွားတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၆ ရက် ဆိုရင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကြီး စတင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းလုံး တန်ဆောင်တိုင် ပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြတယ်ဆိုပေမဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော်က တခြားမြို့ရွာများနဲ့မတူ တစ်မူထူးခြားတယ်လို့ ဆိုရလိမ့်မယ်။ အကြောင်းရင်းက တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ် သင်္ကေတ မီးပုံးပျံ ကြောင့်ပါ။
ကောင်းကင်ယံထက်ကို ရောင်စုံမီးရှူး၊ မီးပန်း၊ ခိုပျံအလှတွေနဲ့ မီးပုံးပျံလွှတ်တင်ခြင်း အလေ့အထကို ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့က အစပြုကြတယ်လို့ ဆိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ကာလများစွာဆီကနေ မီးပုံးပျံ လွှတ်တင်လာခဲ့ကြတာ အခုဆိုရင် ဆယ်စုနှစ်များစွာ တိုင်လာခဲ့ပါပြီ။ အရှိန်အဟုန်နဲ့ စီးဆင်းလာခဲ့တဲ့ မီးပုံးပျံ ယဉ်ကျေးမှုက မျက်မှောက်ခေတ်ကာလမှာ ပိုပြီး ထွန်းတောက်လာခဲ့တယ်လို့ဆိုရပါလိမ့်မယ်။
မီးပုံးပျံဆိုတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုက တိုင်းရင်းသား သွေးချင်းညီနောင်များအပြင် ကမ္ဘာတစ်ခုလုံးအထိ ထိုးဖောက် နေရာယူလာ နိုင်ခဲ့ပါတယ်။
ပွဲတော်အချိန်အခါ ရောက်တာနဲ့ ပွဲတော်ကြီးရဲ့ ခမ်းနားကြီးကျယ်မှုက လူတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်တွင်ရ လောက်တဲ့အထိ ထည်ဝါလွန်းတယ်။ ညမီးကြီး၊ စိန်နားပန်နဲ့ နေ့လွှတ်အလှတွေက ပွဲတော်ရှိရာဆီ တစ်ခေါက်တစ်ခါ အရောက်လာချင်အောင် ဖိတ်ခေါ်နေကြပါတယ်။ ကမ္ဘောဇမြေရဲ့ ဒြပ်မဲ့အလှတရား ဖိတ်ခေါ်မှုကြောင့် ညီနောင် သွေးချင်းတွေက မောတို့ဌာနေ ရှမ်းတို့မြေကို အရောက်လှမ်းလာကြပါတယ်။
ပွဲတော်ရှိရာဆီ ရောက်လာတဲ့ ဧည့်ပရိသတ်တွေက တောင်ပေါ်မြေကြီး ကျွံကျသွားမတတ်။ စည်ကားတဲ့ နေ့ရက်တွေ ဆိုရင် မီးပုံးပျံယဉ်ကျေးမှုကို ရှုစားမယ့် သိန်းသောင်းမက လူသားတွေက အဝေရာကွင်းလုံးပြည့်။ အရာရာဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တယ်လို့ ဆိုကြတယ်။
များပြားလှတဲ့ ဒီလူသားတွေထဲမှာလည်း အကောင်းတွေများပေမဲ့ စုန်းပြူးအဆိုးတချို့လည်း ကြားညှပ်ပါနေ တတ်တယ်။ အဲဒီလူသားတွေကတော့ ပွဲတော်ရဲ့ အလှတရားကို ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ ခွဲစိတ်အထူးပြုများပါ။
တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးရဲ့ ခမ်းနားကြီးကျယ်စည်ကားမှုကို အခွင့်ကောင်းယူနိုင်ဖို့အတွက် မြန်မာနိုင်ငံ အရပ်ရပ်က ခွဲစိတ်အထူးပြုများ စုဝေးပြီး မြို့တော်တောင်ကြီးဆီ အရောက်လာတတ်ကြ ပါတယ်။ ရောက်လာသမျှ အထူးပြုများကလည်း ငတက်ပြားကျောင်းတော်ကြီးကနေ အဆင့်မြင့် ပါရဂူဘွဲ့ရတွေချည်းလို့ ဆိုရမှာပါ။ ဒီလို အထူးပြုတွေထဲမှာလည်း သူ့လိုင်း၊ သူ့အကန့်နဲ့ သူလုပ်ငန်းခွဲ ကိုယ်စီနဲ့ ရောက်လာတတ်ကြတယ်လို့ ဆိုပါတယ်။
လူအုပ်ကြားထဲ တိုးဝင်ပြီး အိတ်ထောင်ခွဲမယ့် အထူးပြုများကတစ်လိုင်း။ မော်တော်ဆိုင်ကယ် အပ်နှံတဲ့နေရာတွေမှာ ဝတ်ကောင်းစားလှနဲ့ အဒိန္နာဒါနာ ပြုမယ့် အထူးပြုများက တစ်ကန့်။ သူလိုကိုယ်လို ပွဲဈေးတန်း လမ်းလျှောက်ရင်း တန်ဖိုးကြီး ဆွဲကြိုးများ ဖြတ်မယ့် အထူးပြုများက သပ်သပ်။ ပွဲတော်ရှိရာဆီ လူကုန်သွားမယ့် နယ်ခံတွေရဲ့အိမ်ကို အလစ်ဆွဲမယ့် အထူးပြုတွေကတစ်သွယ်။ တခြားသော ပုံစံမျိုးစုံ အဒိန္နာဒါနာ အထူးပြုပေါင်းများစွာ ပွဲတော်ရှိရာဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပါလိမ့်မယ်။
ဒီလောက်များပြားတဲ့ လူပင်လယ်လှိုင်းလုံးကြားထဲမှာ ပုံစံမျိုးစုံရှိနေမယ့် ခွဲစိတ်အထူးပြုတွေကို ထိထိရောက်ရောက် ဟန့်တားမယ့် လုံခြုံရေးအင်အားက ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရှိပါလိမ့်မယ်။ အိတ်ထောင်ခွဲ အထူးပြုတွေ လက်စွမ်းပြလို့ ပြန်ရတဲ့ငွေကြေး မရှိခဲ့ပါဘူး။ လည်ပင်းကဘတ်ကြိုးလေး ပါသွားခဲ့ရင် နီးစပ်ရာဘုန်းတော်ကြီးကျောင်း အရောက်သွားပြီး ရေစက်ချရပါလိမ့်မယ်။ မော်တော်ဆိုင်ကယ်လေးများ ပါသွားရင် ဆုံးပြီလို့သာ စိတ်ဒုန်းဒုန်းချထား ရမှာပါ။
ပုံစံမျိုးစုံတဲ့ အဒိန္နာဒါနာ အထူးပြုတွေအတွက် အားသာချက်တစ်ခုကလည်း ရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ အခါကြီးရက်ကြီးများရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပါ။ အနီးဆုံးရှိနေတာက ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ သာမန်ဖောက်ထွင်းခိုးမှု အထူးပြုတွေအတွက် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် နေ့ရက် တွေက အချိန်ကောင်း၊ ရက်ကောင်း၊ ရက်ရာဇာများလို့တောင် ဆိုနိုင်ပါတယ်။ အထူးပြုလုပ်ချက်ကြောင့် ကိုလှရွှေ လက်ထဲ မတော်တဆရောက်သွားရင်တောင် ပြဿဒါးရက်က ခပ်တိုတိုပဲ ကြုံကြရမယ့် အနေအထားပါ။
အဒိန္နာဒါနာ အထူးပြုတွေရဲ့ လက်စွမ်းကို အထူးသတိပြုရမယ့် နေရက်တွေကတော့ ဖွင့်ပွဲနေ့နဲ့ အဖိတ်၊ လပြည့်ညတွေ ဖြစ်ပါတယ်။ အဲဒီနေ့ရက်တွေက ဒြပ်မဲ့ယဉ်ကျေးမှုရဲ့ အစည်ကားဆုံး လူပင်လယ် လှိုင်းလုံးနေ့ရက်တွေပါ။
ခွဲစိတ်အထူးပြု၊ အလစ်သုတ်အထူးပြု၊ ဆိုင်ကယ်သူခိုး စပယ်ရှယ်လစ်တွေရဲ့ နေ့ထူးနေ့မြတ်ကြီးတွေလို့ ဆိုရမှာပါ။ ပါသွားရင် ပြန်ရဖို့လမ်းမမြင်ပါဘူး။ အလှူဒါန ပြုကြသူငှာဆိုတဲ့ စိတ်နှလုံးသွင်းရုံလောက်သာ တတ်နိုင်ကြပါလိမ့်မယ်။
အလင်းနဲ့အမှောင် နှစ်ခြမ်းရှိတယ်ဆိုပေမဲ့ အမှောင်ဘက်အခြမ်းမှာ နေရာယူထားကြမယ့် အထူးပြုများကို အလင်း ဘက်အခြမ်းက ချက်ချင်း မမြင်နိုင်ပါဘူး။ ကိုလှရွှေတို့လည်း အတိအလင်း သတိမထားနိုင်သလို ဧည့်ပရိသတ်တွေ လည်း မြင်နိုင်စွမ်းမရှိကြပါဘူး။ ညောင်သီးလည်းစား၊ လေးသံလည်း နားစွင့်ဆိုတဲ့စကား ရှိပါတယ်။
မီးပုံးပျံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုကို ခံစားရင်း အဒိန္နာဒါနာ အထူးပြုတွေရဲ့ လက်စွမ်းကိုလည်း အထူးသတိပြုဖို့ လိုအပ် ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကြီးမှာ ခွဲစိတ်အထူးပြု၊ သူခိုးအထူးပြုတွေရဲ့ ရန်က ကင်းဝေး ပြီး ဒြပ်မဲ့ယဉ်ကျေးမှုရဲ့ အလှတရားကို စိတ်အေးချမ်းစွာ ခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းပြုလိုက်ရပါတယ်။ ။