Myanmar Digital News

(၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပ


ဖလမ်း နိုဝင်ဘာ ၁၄

 

(၇၈)ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

 

ပွဲတော်သို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။ 

 

‌ဦးစွာ ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ဆုတောင်းခြင်းဖြင့် စတင်ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှစ်သစ်ကူးအမှာစကား ပြောကြားသည်။

 

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖလမ်းမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၏ တိုးတက်မှုများနှင့်အတူ ယခုကဲ့သို့ ရိုးရာပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ခြင်းမှာ အားလုံး၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းခဲ့မှု၏ အသီးအပွင့်ဖြစ်ပါကြောင်း ပြောကြားပြီး ချင်းရိုးရာနှစ်သစ်ကူးပွဲ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ကြသည်။ 

 

ယင်းနောက် ရိုးရာအကနှင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပွဲတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

 

ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နိုဝင်ဘာ ၂ ရက်မှ ၁၃ ရက်အထိ ကျင်းပကြပြီး ပွဲတော်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၄ ရက်တွင် ရိုးရာအကနှင့် ရိုးရာဝတ်စုံ ဝတ်စားဆင်ယင်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျင်းပကြကာ ပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ပါဝင် ယှဉ်ပြိုင်ကြသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့် အတူ ကြွန်ဘိခ်လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးအဆောက်အအုံနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ RC နှစ်ထပ် ရာနှုန်းပြည့် ပြုပြင်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဘဏ်အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အိမ်ရာများတွင် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News