
စော (NP News) - နိုဝင်ဘာ ၁၅
ကမ္ဘောဇရိပ်သာ (ချင်းချောင်း)ကို မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ခြင်းအတွက် ရှင်သန်နေသောပြတိုက်ပုံစံဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိတွင် ပန်းချီ၊ ပန်းပုကျောင်း၊ ပန်တျာကျောင်းနှင့် အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်း)အား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ က ယမန်နေ့(နိုဝင်ဘာ ၁၄ ရက်)က သွားရောက်ကြည့်ရှုစစ်ဆေးကြခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပစ္စည်းများအလေအလွင့် မရှိစေရေးနှင့် ရှေးဟောင်းအဆောက်အအုံဖြစ်သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန်၊ နှစ်ပေါင်း (၁၀၀) ကျော် ရှေးဟောင်းအဆောက်အအုံဖြစ်၍ အထူးဂရုပြု ပြုပြင်ထိန်းသိမ်းရန်၊ ရှေးဟောင်းအဆောက်အအုံတွင် မြန်မာ့ရိုးရာ ပန်းချီ၊ ပန်းပုပညာရပ်များကို နိုင်ငံတကာအဆင့်အတန်းမီမီ အထောက်အကူပစ္စည်းများဖြင့် ဂုဏ်ယူစွာပြသနိုင်စေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကမ္ဘောဇရိပ်သာ (ချင်းချောင်း)တွင် အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ပြသ၍ မြန်မာ့အနုပညာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိအောင်ပြသရင်း မြှင့်တင်ရန်၊ အနုပညာအထက်တန်းကျောင်းနှင့် ပြတိုက်ပေါင်းစပ်ကာ သင်ယူမှုဗဟိုချက်နှင့် အနုပညာရပ်ဆိုင်ရာ အမွေအနှစ်များပါ လေ့လာကြည့်ရှုသင်ယူနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပြည်သူလူထုအပန်းဖြေရန် နေရာ၊ ခရီးသွားဆွဲဆောင်မှုနေရာအသစ်တစ်ခု ဖော်ထုတ်ဆောင်ရွက်ရန် ရည်ရွယ်လျက် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုတို့ စုစည်းရာ အမျိုးသားအနုပညာပြတိုက် (National Art Museum) အဖြစ် နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ပြသသွားရန် လျာထားစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage-ICH ) ဖော်ထုတ်ခြင်းလုပ်ငန်းများ၊ အနုပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ အပတ်စဉ်ဖျော်ဖြေ တင်ဆက်မှုများ၊ မြန်မာ့ရိုးရာ အစားအသောက်များနှင့် ပေါင်းစပ်ထားသော ရှင်သန်နေသောပြတိုက် (Living Museum) ပုံစံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။