
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် China Media Group (CMG) တို့ ပူးပေါင်းကျင်းပသည့် “တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ MISIS ဥက္ကဋ္ဌ ဦးသန့်ကျော် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး MISIS မှ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ မီဒီယာမိတ်ဆွေများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ မျက်နှာစုံညီအစည်းအဝေးတွင် ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့၏ တာဝန်အပ်နှင်းမှုအရ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တင်သွင်းခဲ့သော လုပ်ငန်းအစီရင်ခံစာကို နားထောင်၊ ဆွေးနွေးခဲ့ကြပြီး “ပါတီအပေါ် ဘက်စုံတင်းကျပ်သော စီမံခန့်ခွဲမှုကို မလျှော့သောဇွဲဖြင့် စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်” ကို စိစစ်အတည်ပြုခဲ့ကြသည်။ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အဆိုပါ “ဆုံးဖြတ်ချက် (ဆွေးနွေးညှိနှိုင်းမှုမူကြမ်း)” နှင့်စပ်လျဉ်း၍ မျက်နှာစုံညီအစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့သည်။ ယခုအကြိမ် မျက်နှာစုံညီအစည်းအဝေးက ခရီးစဉ်သစ်တွင် ပါတီအပေါ် ဘက်စုံတင်းကျပ်သော စီမံခန့်ခွဲမှုကို ပုံမှန် တွန်းအားပေးဆောင်ရွက်သွားရန်အတွက် လုပ်ငန်းစဉ်ကို ရေးဆွဲသတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ တတ်သိပညာရှင်များအဖွဲ့ (Think Tank) များအကြား ကူးလူးဖလှယ်မှုနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက် တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး အထူးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာမှုများနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှုများ မှတစ်ဆင့် အပြန်အလှန်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း၊ မူဝါဒဆိုင်ရာ အယူအဆများနှင့် လူမှုရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်ချက်များအပေါ် ပိုမိုနားလည်သဘောပေါက်စေခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် China Media Group သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအသီးသီးမှ မီဒီယာသတင်းထောက်များကို တရုတ်နိုင်ငံသို့ လာရောက်ရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ပြီး မြန်မာမီဒီယာမိတ်ဆွေများကို "China Walk ပူးတွဲသတင်းယူမှု"၊ "ကမ္ဘာ့မီဒီယာ ဆန်းသစ်တီထွင်မှု ဖိုရမ်" ၊ "အာဆီယံမိတ်ဖက် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်" စသည့် လှုပ်ရှားမှုများတွင် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ လက်တွေ့ကွင်းဆင်းလေ့လာခြင်းနှင့် ကူးလူးဖလှယ်ခြင်းများမှတစ်ဆင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှု လက်ဆင့်ကမ်းအမွေဆက်ခံမှုနှင့် မြို့ပြတည်ဆောက်ရေး စသည့် ရှုထောင့်ပေါင်းစုံမှ တရုတ်အသွင်ပုံစံခေတ်မီမှု၏ လက်တွေ့အောင်မြင်မှုများကို နက်နက်ရှိုင်းရှိုင်း လေ့လာသိရှိခဲ့ကြသည်။ မြန်မာပရိသတ်များကို တရုတ်နိုင်ငံအပေါ် ပိုမိုတိုက်ရိုက်ကျပြီး စုံလင်ကွဲပြားသောရှုထောင့်မှ သိရှိနိုင်စေရုံမျှမကဘဲ တရုတ်-မြန်မာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အသိအမြင်သစ်များကို ဆောင်ကြဉ်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)


