Kanbawza Tai News

တောင်ကြီးမြို့၊ အထက (၁) အနီး လမ်းအပေါက်ဖြစ်ပေါ်နေသည့် နေရာတွင် ယာယီ သစ်သားတံတားခင်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးရှိ လမ်းအပေါက် ဖြစ်ပေါ်နေသည့် ဘုရင့်နောင် လမ်းပေါ်တွင် ယာယီသစ်သားတံတား ပြန်လည်တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ဘုရင့်နောင်လမ်းပေါ်ရှိ ရေထုတ်မြောင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းကပ်ခုံ ရေတိုက်စားကာ တံတားကျွံကျ ပျက်စီးပြီး လမ်းအပေါက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တံတားကျွံကျ ပျက်စီးနေသည့်နေရာတွင် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနက ယာယီသစ်သားတံတားအား အမြန်တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီ သစ်သားတံတားပေါ်သို့ ခွင့်ပြုတန်ချိန် ၃ တန်အထိ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး တန်ဆောင်တိုင် ပွဲတော်ကာလ ပြီးဆုံးပါက တံတားအသစ် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News