
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်ရှိ လွိုင်လင်တိုးလ်ဂိတ်အနီး ကားလမ်း ရေကျော်နေသည့် နေရာတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်၌ ရေပြန်လည်ကျဆင်းပြီး ကုန်တင်ကားကြီးများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း နိုဝင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်လင်ခရိုင်အတွင်းရှိ မိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်မိုင်တိုင်အမှတ် ၁၆၉/၅ နှင့် ၁၆၉/၆ ကြားရှိ တိုးဂိတ်အနီး(၂)မိုင်ကွေ့ လမ်းအနိမ့်ပိုင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကားလမ်းပေါ်ရေကျော်လျက်ရှိရာမှ ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နေ့လယ်ပိုင်း၌ ရေပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကျော်ပြီး ကားလမ်းပိတ်ဆို့နေသည့် နေရာသို့ နိုဝင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့်ပြည်နယ်ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံဖြစ်ပွားသည့် နေရာရှိ ရေများကို မော်တာစက်များဖြင့် စုပ်ထုတ်ဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လုပ်ငန်းရှင် ကုမ္ပဏီများမှ ယာဉ်စက် ယန္တရားများ၊ ရေစုတ်စက်များဖြင့် ရေစုပ်ထုတ် ဆောင်ရွက်ခဲ့ရာ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကားလမ်းရေကျော်နေမှု ပြန်လည်ကျဆင်း လာပြီဖြစ်၍ ကုန်တင်ယာဥ်ကြီးများ စတင်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကာ လမ်းပေါ်ရေများတင်ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။