Kanbawza Tai News

တောင်ကြီးတွင် ကားမှောက်မှုဖြစ်ပြီး ယာဉ်မောင်းသေဆုံး

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

တောင်ကြီးမြို့၊ ကျောင်းကြီစုရပ်ကွက်တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင်သူ အမျိုးသား အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂) နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ ညနေ ၆ နာရီခန့်က Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် မိခင်နှင့် အဒေါ်တို့အား တင်ဆောင်မောင်းနှင် လာစဉ် နယ်မြေ (၁၂)၊ အောင်မြေ (၁) လမ်း အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏လက်ယာဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ ယာဉ်မောင်းနှင်သူ အမျိုးသားတွင် ဦးခေါင်းနှင့် လည်ပင်းဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ ကြောင်း သိရသည်။

“ယာဉ်ထိန်းကတော့ တိုင်စာ လာပို့ထားပါပြီ။ အမှုဖွင့်ဖို့ စီစဥ်ဆောင်ရွက်နေပါတယ်။" ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် သေဆုံးသူ ယာဉ်မောင်းအား တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News