Voice of Myanmar

သူတို့အိမ် အခန်း (၂၆၄)

ဆူးငှက်

နေစောင်းရင် မြည်သံချိုလှတယ် ————————————– စိမ်းလဲ့ရယ်တဲ့ညိုမှောင် .. ပင်ဝါးရုံလေယူတိမ်းတယ်ကွယ် စိမ်းလဲ့မြောက်တောင် မြူခိုးရယ်မှောင် ..ဟိုတောင်ကြော့ခါးပန်း ရွှေဥဒေါင်းငယ်တို့ နေစောင်းရင် မြည်သံချိုလှတယ် အိုကွယ်…. ဝဲခိုတဲ့လမ်း…။

ကျွန်တော်နေထိုင်သော မန္တလေး အောင်ပင်လယ် ကန်ပေါင်ရိုးအနီး၊ လယ်တောအိမ်လေး ဝန်းကျင် ၏ အရှေ့ဖက်ခြမ်းမှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်း ဘုန်းတော်ကြီးကျောင်းဝင်းနှင့် အောင်ပင်လယ်တောတွေ ရှိသည်။ တောင်ဘက်မှာက ခပ်စိပ်စိပ် လူနေအိမ်ဝင်းများ…။ မြောက်ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေ ရှိသည်။ အနောက်ဘက်မှာက ဧကကွက် အကျယ်အဝန်းရှိသည့် တောရိုင်း ခြံကြီး တစ်ခြံ ရှိသည်။ သည်ခြံကြီးထဲမှာ ငါးကန် တွေလည်း ရှိ၏။ သရက်ပင်တွေလည်း ရှိ၏။ သပြေပင်တွေလည်း ရှိ၏။ အစောင့်တဲမျှပင်မရှိဘဲ ဝင်းခတ်ထားသည့် ခြံဝင်းကြီး ဖြစ်သည်။

သည်နေရာလေးသို့ ကျွန်တော်တို့ ရောက်စအချိန်တွင် အိမ်ကလေး၏ အရှေ့ဘက်မှာ၊ တောင်ဘက်မှာ အခုလို ဝင်းတွေခြံတွေ မရှိသေး ။ ပိတ်စွယ်ရိုင်းပင်တွေ တောထနေသည့် ကွင်းပြင်ကြီးပဲ ဖြစ်သည်။ အိမ့်တောင်ဘက် ခေါင်းရင်းမှာလည်း ရေအိုင်တစ်အိုင် ရှိသည်။ ကြည်လင်သော ရေမှာ ကြာပန်းတွေလည်း ပွင့်နေ၏။ ညနေစောင်းလျှင်ဖြင့် အနောက်ဘက် ရေကန်ကြီးတွေရှိသည့် ခြံကြီးထဲသို့ ဗျိုင်းအုပ်တွေ အိပ်တန်း လာတက်သည်။ ဗျိုင်းတွေလိုပဲ အခြား အမည်မသိ ငှက်တွေလည်း ညနေမှာ အုပ်လိုက် အိပ်တန်းတက်ကြတာ တအံ့တသြ မော့ကြည့်မိတော့ ”အဲဒါ ရေဘဲအုပ်တွေလေ။ ဗျိုင်းတွေရော၊ ရေဘဲတွေရော မနက်လင်းရင် အရှေ့တောင်ရိုးပေါ်နဲ့၊ မတ္တရာဘက်က ချောင်းမြောင်း တွေဘက် အစာရှာထွက်ကြမှာ”ဟ ုရွာခံ လယ်သမားကြီးတစ်ဦးက ရှင်းပြသည်။

ဝက်လက်ဘက်က အညာသားကြီး ————————————— ထိုရွာခံလယ်သမားကြီး အမည်က ဦးပို တဲ့။ ကျွန်တော်တို့က ဘကြီးပိုဟုခေါ်သည်။ မနက်လင်းစမှာပင် ဘကြိးပိုသည် သူနေထိုင်သည့် ကျွန်တော်တို့ မြောက်နား မလှမ်းမကမ်းရှိ ရတနာသိင်္ခ အမည်ရှိ ခြံမှ ဓားမကြိး ခါးထိုး၍ ခါးမောက်ကြီးဆောင်းကာ ထွက်လာသည်။ ဘကြီးပိုကိုကြည့်ရသည်မှာ ပီဘိ အညာသား ရုပ်ရည်ဖြစ်သည်။ နှစ်နံစပ် ဖျင်လုံချည် ခပ်တိုတိုနှင့် တောပင်နီ အင်္ကျီလက်ရှည်ကို ဝတ်ကာ တာယာဖိနပ်ကို စီးထားသည်။ ၁၉၇၀ ဝန်းကျင်က ထုတ်ဝေသည့် စိမ်းဖန့်ဖန့် ၅ကျပ်တန ငွေစက္ကူနောက်ကျောက နွားဆွဲကာ နေရောင်ကို လက်ကာ၍ မော့ကြည့်နေသော လယ်သမားကြီးပုံနှင့် တူလှသည်။

ကျွန်တော်က ဘကြီးပိုကို မြင်သည်နှင့် အဘရွာက ဦးကြီးဦးချစ်တီးတို့ ဦးကြီးဦးဘရင် တို့ကို သတိရသွားသည်။ ထို့ကြောင့် ဘကြီးပိုကို သံယောဇဉ် ဖြစ်ရသည်။ ဘကြီးပိုက ရတနာသိင်္ခအမည်ရှိသော သူ့တူမတွေ ခြံမှာ ခြံစောင့်ရင်း နေသတဲ့။ ဇာတိက ဝက်လက် ဘက်ကတဲ့။ သူက မနက်လင်းတာနှင့် ဓားမခါးကြားထိုးပြီး ၂၆ဘီလမ်းဘက်မှာရှိသော သူ့တူမခြံသို့ သွားကာ ပေါင်းရှင်း မြက်ရှင်းရင်း ခြံစောင့်သည်။ သူ့တူမခြံက အတော်ကျယ်သည်။ သရက်ပင်တွေရှိသည်။ ၂၆ဘီလမ်းကို မာန်အောင်တိုက်မှသည် အောင်ပင်လယ် ကန်ဘောင်ရိုးအထိ အသစ်ဖောက်လိုက်တော့ ခြံက ၂ပိုင်းဖြစ်သွားသည်။

နောက်တော့ ကျွန်တော့် အိမ်ဝင်းလေးမှာလည်း ပေါင်းမြက်လေးတွေရှင်းတာ၊ ခြံဝင်းတောင်ဘက်က ရေကြည် ရေမြောင်းလေး ဆယ်တာ အပြင် တိုလီမုတ်စ လက်သမားအလုပ်လေးတွေ လုပ်တော့ ဘကြီးပိုကို ခေါ်ရသည်။ သူက ပေါင်းမြက်ရှင်းပေးရုံမက အပင်တွေ မြေဆွပေး၊ ပျိုးထောင်ပေး၊ အကိုင်းအခက်ရှင်းပေး၊ သရက်ပင်ပေါက်လေးတွေ ယူလာပြိး စိုက်ပေးသည်။ ကျွန်တော်က ဘကြီးပိုဆောင်းလာသော ခမောက်ကြီးကို သဘောကျလို့ ယူ၍ ဆောင်းတတ်သည်။ သူ့ခမောက်က ဝါးဖတ်နှင့် အတော်ခိုင်ခံ့အောင် ပြုလုပ်ထားသည်။ ခမောက်၏ မျက်နှာနှင့် ရှေ့တည့်တည့် နေကာအတွင်းဖက်မှာ ပြဒါးသုတ် ကြည့်မှန်လေး တစ်ချပ်လည်းပါသည်။ ဘကြီးပိုက တစ်နေကုန် ခြံရင်းပေးလျှင် နေ့လယ်စာ ထမင်းကျွေးပါက ငွေကျပ် ၂၀၀ပဲ ယူသည်။ သူ့တူမအိမ်သို့ ထမင်းပြန်စားရလျှင် ၃၀၀ကျပ်ယူသည်။

ကျွန်တော်တို့က ဘကြီးပိုကို အိမ်မှာပဲ ထမင်းကျွေးပြီး ၃၀၀ ပေးလိုက်သည်။ နေ့လယ်နေ့ခင်းလည်း တရေးတမော အိပ်စေကာ နားစေသည်။ ခင်သော်ဇင်က ဘကြီးပိုကို ဝက်လက် ပုလိုင်းကန်ရွာရှိ သူ့ဘကြီးတို့ရွာကမို့ ပုဆိုးသစ်တွေ အင်္ကျီသစ်တွေလည်း မကြာမကြာပေးတတ်သည်။ ကျွန်တော်တို့ တွေ့စကပင် ဘကြီးပိုက အသက်၆၀ ကျော်ပြီလေ။ နောက်တော့ ဘကြီးပိုလည်း သူ့ရွာသို့ ပြန်သွားတော့သည်။ နောက် ၂၀၁၃ ခုနှစ်လောက် ရောက်တော့ ဘကြီးပိုက အလည်ရောက်လာလို့တဲ့ အိမ်သို့ ရောက်လာပြီး နှုတ်ဆက်သည်။ အံမယ် ခင်သော်ဇင် ကန်တော့လိုက်သော ကမြစ်အင်္ကျီအဖြူ လက်ရှည်နှင့် ဦးဂျမ်းပုဆိုးနှင့် ဘကြီးပိုက ကျန်းမာနေဆဲဖြစ်သည်။ သူပြန်တော့ ခင်သော်ဇင်က မုန့်တွေ လက်ဆောင်ထည့်ပေးလိုက်သည်။ သည့်နောက် မတွေ့တော့၊ ရှိသေးလျှင်တော့ ၉၀ကျော်ရောပေါ့။

သစ်ရိပ် ဝါးရိပ် ရေရိပ်တွေကြောင့် ———————————— ထိုစဉ်ကာလ သရက်ကုန်းရပ်ကွက်ထဲ လူနေအိမ်ခြေ စိပ်လာသည် ဆိုသော်ငြား ကျွန်တော်တို့ အနောက်ခြမ်းက အပြောင်းအလဲ မရှိလှ။ အိမ်ရှေ့ ဆင်လမ်းမ၏ တဘက်ခြမ်းရှိ သရက်ခြံကြီးများ ငါးကန်ကြီးများက နဂိုမူလအတိုင်းပဲ မပျက်မယွင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ ကျွန်တော်တို့ အိမ် ပတ်ဝန်းကျင်မှာလည်း အရှေ့ဘက်တွင် မြေကွက်လပ်နှင့် ကိုင်းတောတွေ ရှိဆဲ ဖြစ်ကာ တောင်ဖက်နှင့် မြောက်ဘက်မှာလည်း မူလအတိုင်းပဲ ရှိသည်။ လူနေ ကျဲနေသေးသောကြောင့် ခေါင်းရင်းက ရေအိုင်ကလေးမှာလည်း ရေကြက်တစ်အုပ် ရေသောက် ဆင်းကြ၊ ရေချိုးကြသည်။ ထို့ပြင် မနက်လင်းလျှင် နေ့စဉ်မပြတ် ကြားနေရတာက ချိုးကူသံလေးပဲ ဖြစ်သည်။ အောင်ပင်လယ် လမိုင်းလယ်များ၏ အမွေအနှစ်နေရာမို့ လယ်တောဘဝက လယ်ကောဖြစ်ခဲ့သော်လည်း သစ်ရိပ် ဝါးရိပ် ရေရိပ်တွေကြောင့် ကျေးငှက် သာရကာတို့၏ ပျော်ရွှင် မြူးတူး ကျက်စားရာနေရာ ဖြစ်သည်။ ယခုကဲ့သို့ ကျေးငှက်သာရကာတို့ မြူးတူး ပျော်ရွှင်သော နေရာဖြစ်ခဲ့ခြင်းမှာလည်း ကနဦး အစကတည်းက အစဉ်အလာ ရှိခဲ့သည်။

ပုဂံခေတ် ၅၁၃ ခုနှစ် ကတည်းက သည်နေရာသို့ ပုဂံပြည်မှ မင်းရှင်စော ရောက်ရှိခဲ့၏။ ဖခမည်းတော် ‘သီရိတြိဘာဝနာ ဒိတျာပဝရ ပဏ္ဍိတ သုဓမ္ဓရာဇာ’ ဘွဲ့ခံ အလောင်းစည်သူ မင်းကြီး၏ အမျက်တော်ရှမှုကြောင့် ပုဂံပြည်မှ ‘ပြည်နှင်’ဒဏ် ခံရရှာသော မင်းရှင်စောတစ်ယောက် ဆင်မြင်း ဗိုလ်ပါ အလုံးအရင်းနှင့် (ယခု) မန္တလေး ဒေသဝန်းကျင်သို့ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ပထမဦးစွာ မြစ်ငယ်မက္ခရာအနီး မြို့သာမြို့၊ ဒုတိယမြို့သစ်မြို့၊ တတိယ မြစ်ငယ်မြစ် တောင်ဘက် တပျက်သာမြို့ သုံးမြို့ တည်ထောင်ခဲ့သည်။ ထို့နောက် စတုတ္ထမြို့ ဖြစ်သော ပူတက်မြို့ကို တည်ထောင်ပြီး၊ အလျားတာ သုံးထောင်၊ အနံ တာတစ်ထောင်ရှိသော ကန်တိလိ (ခေါ်) အောင်ပင်လယ်ကန်ကို ဆည်တော်မူခဲ့ခြင်း ဖြစ်သည်။ မြောင်းကြီးသုံးသွယ်၊ လယ်ပယ်သုံးသောင်း၊ သီးထပ်သီးညှပ်ဖြင့် တစ်နှစ်လျှင် သုံးသီးစား စိုက်ပျိုး လုပ်ကိုင်နိုင်ခဲ့သည်။

ရေပိုးရေမွှားမှ အစ ကျေးငှက်၊ တိရစ္ဆာန်များအထိ ———————————————- အဆိုပါ အောင်ပင်လယ် ကန်တော်ကြီးကို သက္ကရာဇ် ၁၁၅၁ ခု၊နယုန်လပြည့် တနင်္လာနေ့တွင် အမရပူရနန်းစံ ဘိုးတော်ဘုရားက နောက်ပါ ဗိုလ်ခြေထုနှင့် ထပ်မံဆည်ဖို့ ပြင်ဆင်တော်မူပြန်၏။ ဘိုးတော်ဘုရား၏ ကောင်းမှု မဟာမုနိဘုရားကြီး အနီး၌ ယာယီစံနန်းနှင့် စံမြန်းတော်မူပြီး မင်းမိဖုရား၊ မင်းညီမင်းသား၊ မူးတော်မတ်တော် ကတော်စိုး တို့နှင့်တကွ အမရပူရနေပြည်တော်မှ တစ်အိမ် တစ်ယောက် မကသော ပြည်သူများနှင့်အတူ လယ်ထွန်မင်္ဂလာ ဆင်းတော်မူ၍ ကျောက်စာများ ရေးထိုးစိုက်ထူခဲ့သည်ဟု မှတ်သားရသည်။ ကျောက်စာများတွင် အလျား ခုနစ်မိုင်ကျော်၊ အနံ သုံမိုင်ခွဲနီးပါးရှိ အောင်ပင်လယ် ကန်တော်ကြီး နယ်နိမိတ်အတွင်း ရေပိုးရေမွှားမှ အစ ကျေးငှက်၊ တိရစ္ဆာန်များအထိ ဘေးမဲ့ ပေးထားခဲ့ခြင်းကို ခိုင်မာစေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း မင်းတုန်းမင်းကြီးက ဤအရပ် ဤနေရာ၌ ကျွန်တော်တို့ လယ်တောအိမ်လေး ဝန်းကျင်မှာတော့ ကျေးငှက် သာရကာတွေ စုံလင်လာသည်။ တစ်ရွာမပြောင်း၊ သူကောင်းမဖြစ် ဆိုသော ဇောင်းကလောကန်၊ မြောက်ဘက် နန္ဒာကန်နှင့် မတ္တရာမြစ်တို့ အကြားရှိ သောကြောင့် ရာသီဥတု သပ္ပာယ ဖြစ်ခြင်းနှင့်အတူ နေ့စဉ် နေဝင်နေထွက် အိပ်တန်းတက်၊ အိပ်တန်းဆင်းကြသည့် အမျိုးအမည်စုံ ကျေးငှက် သရကာတို့က ရွှေမြို့တော်ကြီး ကောင်းကင်ယံထက် နေပြောက်ထိုးမကျ ရှိခဲ့သည်” ဆိုကြ၏။ ထို့ကြောင့်လည်း မဟာဂီတလာ မန္တလေးမြို့ဘွဲ့ သီချင်းကြီးများ၌ ” နန်းရွှေမြို့မှာ၊ အဏ္ဏဝါ ဝေလျှံဖြာမည့်၊ ရေနန္ဒာဝိုင်း၊ တိုင်းခြိမ့်ခြိမ့်တုန်၊ မြမန်း ရွှေပြည်ဘုံသို့၊ အောင်ဇေယျုံ ရတနာ လျှမ်းတယ်၊ စံခန်းနဲ့နီး” ဟူ၍ လည်းကောင်း၊

” ….. အို….. မယ်မောင် သံစာစာ၊ ကျူးလာ ဖော်ချင်းနွှဲ၊ လဲရွှေကကျံ၊ ငှက်သံကညင်း၊ ဖလ်ခိုးငယ် စီစီနှင့်၊ မှိုင်းဝေရီ ခါနွေဆန်းငယ်ကို၊ ထုံပန်းကသင်း ” ဟူ၍ လည်းကောင်း၊

” သေလာတောင် ရွှေမန်း၊ ဆန်းလေ ဆန်းစုံစွာ၊ ဝေယန် နတ်နန်းပုံသို့ပါ၊ နန္ဒာ ရေဝန်းရံခ၊ ပတ်လည်ကာ ရွှေမန်းတောင်တော်သာ…. ” ဟူ၍ လည်းကောင်း၊

” ရွှေကြာနီ၊ ရွှေကြာဖြူ ၊ကြူရရူငယ် လေသင်းသင်း၊နံ့ရှင်းရှင်း အိုင်မင်း အိုင်မင်းဆဒ္ဒန်၊တူသည့် တူမောဟန်၊ ပုံသဏ္ဌာန်လေ မကွဲ၊ပြိုင်မသာ လေဘဲ၊ ပျံဝဲ ယှဉ်နွှဲမောင်နှံ၊ငှက်တည့် ငှက်ပေါင်းညံ၊ စာနံှ တောင်ပံ နီတွတ်၊နှမနည်းသည့် မောင်ငယ်မှာ သင်တည့်သာ သင်တိုင်းဝတ်၊ ချည်ခင်စွပ်ကယ် ကြင်ဖော်သွေးဖို့လေး ကြာဖက်ကို သင်ကာ နွေးလို့လေး….. ”ဟူ၍ လည်းကောင်း၊

” တင်းကျမ်းး၊ တင်းကျမ်း မြရည်ရောင်၊ယဉ်ဘောင် ရေသီတာ၊ မယ်မောင်၊ သာခေါင်ကြံ အညာလေ တည့်မှ၊ ယဉ်ဘောင် ရေသီတာ၊ သံသာ ဖိုမအေး၊ တွန်ကြော ်ကျူးရင့်ကြွေး…. ”ဟူ၍ လည်းကောင်း မြောက်မြားစွာ စပ်ဆိုခဲ့ကြသည်။ ထို…ထိုအတိတ်ကို စိတ်ကူး၍မျှပင် မှန်းဆ ကြည့်ကြပါဘိ..။ မန္တလေးမြို့၏ အနီးဝန်းကျင်သည် တောနှင့် တောင်နှင့်၊ ရေနှင့်ကြာနှင့်၊ ကျေးငှက်နှင့် သာရကာနှင့် အံ့ချီးမခန်း ကြည်နူး သာယာသော သဘာဝ ပတ်ဝန်းကျင် ရှိခဲ့သည်မှာ သေချာလှသည်။

ရက် ၁၀၀ စီမံချက်တဲ့ ————————– မည်သို့ဆိုစေ။ သမိုင်းဘီးက ရပ်တန့်မနေ၊ ရှေ့သို့သာ အရှိန်အဟုန်နှင့် ရွေ့လျာသည်။ တစ်ချိန်က လမိုင်းလယ်၊ ဗျိုင်းအုပ်က အိပ်တန်းဝင်၊ ရေဘဲအုပ်က ရေသောက်ဆင်း၊ ကျေးငှက်သာရကာတို့ မြူးတူးပျော်ရွှင် သံစ့ုလွင်သည့် သည်နေရာတွင် အသစ်သစ်သော အဆောက်အအုံတို့ တိုကာ မြို့ပြ၏ ရပ်ကွက်ကြီး ဖြစ်နေချေပြီ။ မြို့ပြအင်္ဂါရပ်နှင့် ညီဖို့ တရားဝင် အိမ်ရာ၊ တရားဝင် ဝင်းမြေ၊ တရားဝင် အဆောက်အအုံများ ဖြစ်ကာ တရားဝင် အခွန်အခတွေ ပေးချင်ပါပြီ။

အုပ်စုခွဲ၍ ဂရန်ချထားပေးသည် ဆိုငြား ရုံးကိစ္စအရပ်ရပ်က နှေးကွေးနေလို့ ကျန်အုပ်စု ကျန်အိမ်ရာတွေက လည်ဆန့် မျှော်လင့် စိတ်ပူပင် သက်ပြင်းချကြရဆဲ ဖြစ်သည်။ ထိုစဉ်မှာပဲ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သရက်ကုန်း ကွက်သစ်သို့ ရက်၁၀၀ စီမံချက်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များ လာရောက်၍ ဓမ္မာရုံတွင် ရပ်ကွက် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကြသည်။

ရက် ၁၀၀ စီမံချက်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များက ရပ်ကွက်ပြည်သူများနှင့် ဓမ္မာရုံတွင် တွေ့ဆုံကြတော့ ရပ်ကွက်၏ လိုအပ်ချက်များကို တင်ပြကြသည်။ ရိုးသားသော ရပ်ကွက်ပြည်သူများမို့ ရေနီမြောင်းရေကိုပဲ ရေပိုက်နှင့်သွယ်၍ သုံးလိုကြသည်။ ရေစစ်ကန်ကတဆင့် ပေးဝေသော ရေပေးရေးစံနစ်က ၅၈လမ်းအထိ ရောက်နေ သည်ကို ရပ်ကွက်အထိ ဆက်လက်တိုးချဲ့ သွယ်ယူရေးအတွက် မတောင်းဆိုဝံ့ကြပေ။ လွှတ်တော် ကိုယ်စားလှယ်များက ရေပေးရေ သွယ်တန်းပေး နိုင်ဖို့ စည်ပင်နှင့်ညှိနှိုင်းပါမည် ဟု ဆိုသည်။ ကျွန်တော်ကတော့ ရပ်ကွက်အတွင်း အိမ်ဝင်းများ ဂရန်ချထားပေးသည့်ကိစ္စ ယခုထက်ပိုမို လျင်မြန်စေဖို့ စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးသည်။ တကယ်တော့ သည်အကြောင်း အရာတွေက လွှတ်တော် ကိုယ်စားလှယ်များနှင့် အရင်ကတည်းက မိတ်ဆွေများမို့ လက်ဖက်ရည်ဆိုင်မှာ အလွတ်သဘော အကြိမ်ကြိမ်ပြောဆို နေကျဖြစ်သည်။ အခုတော့ သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များလည်း ပါဝင်လာသောကြောင့် တရားဝင်ဖြစ်စေရန် တင်ပြဆွေးနွေးခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဂရန်ချထားသည့်ကိစ္စ ပိုမိုလျင်မြန်စေရန် ရက်၁၀၀ စီမံချက် အတွင်း အကျုံးဝင်စေရေး တစ်ထိုင်တည်း ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့သည်။

လမ်းမြေမလွတ်တာ နောက်ဆုတ်ပါ ————————————– သည်လိုနှင့် နောက်ရက်တွေက စပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကာ မြေရာ တိုင်းထွာခြင်းများ ဆောင်ရွက်ကြ၏။ လမ်းများကိုလည်း စံနစ်တကျဖြစ်စေရန် တိုင်းထွာ သတ်မှတ်ကြသည်။ ထိုအခါ ကျွန်တော့် အိမ်ဝင်းက မျက်နှာစာတွင် ၃ပေခွဲနှင့် တောင်ဘက်က ၁ပေခွဲကို နောက်ဆုတ်ပေးရသည်။ အချို့အိမ်များက နောက်ဆုတ်ဖို့ ငြင်းဆန်ကြသောအခါ ကျွန်တော့်မှာ အတော်ပြောယူရသည်။ သူတို့က ရွာမြေကတည်းက ရွာနေပြည်ထိုင် များမို့ မိဘလက်ထက် ကတည်းက တစ်သက်လုံး နေထိုင်လာတာ ဘာဂရန်မှလည်း မလိုဘူး၊ ဆုတ်လည်း မပေးနိုင်ဟု ငြင်းဆန်ကြသည်ကို အတော်ပြောယူရသည်။ သည်တစ်ခါတော့ဖြင့် ဂရန်ကိစ္စက သေချာပြီမို့ ခေါင်းပြားအောင် အိပ်နိုင် ပါပြီ။ ဒါ ငါ့အိမ် ဒါ ငါ့မြေ ဒါငါ့ဝင်းဆိုတာ နှစ်၃၀တော့ စိတ်ချနိုင်ပြီပေါ့။ ရှေ့က ၃ပေခွဲ၊ ဘေးက ၁ပေခွဲ ဆုတ်ပေး လိုက်ရတာ ဘာအရေးကြီးပါသလဲ၊ တစ်ချိန်က သည်ဝင်း သည်မြေ သည်ရပ်ကွက် သည်ကွင်း လုံးဝဆုံးရှုံးခြင်းကိုပင် ကြုံခဲ့ဖူးပြီလေ။

ရက် ၁၀၀ စီမံချက်အရသော်လည်းကောင်း၊ စည်ပင်က မြေရာကိစ္စ ဆွေးနွေးတိုင်းသော်လည်းကောင်း သရက်ကုန်းမြေ အကြောင်း ပြေဆိုတိုင်း ကိုဆူးငှက်တို့ရပ်ကွက် ဆရာဆူးရပ်ကွက်ဟု ဝိသေသပြုကြတော့ သည်တစ်ခါ ဂရန်ချထားရေး တွင် ကျွန်တော် ကျန်ရစ်စရာ အကြောင်းတော့ မရှိလောက်တော့ဟု အောက်မေ့ရပါ၏။

ရေကောင်း ရေသန့် ရပါပြီ —————————– ဤသို့ဖြင့် ရက် ၁၀၀ စီမံချက်၏ အကျိုးဆက်အဖြစ် ၂၀၁၇ခုနှစ် မတ်လတွင် ရေပေးရေးရေကို ရပ်ကွက် အတွင်း သွယ်ယူ ရရှိ ခဲ့ပါသည်။ သည်တော့မှပဲ သန့်ရှင်းသော သောက်ရေသုံးရေတွေ ဖောသီစွာ သုံးစွဲ နိုင်ခဲ့သည်။ အရင်က ရပ်ကွက်လေးမှာ လယ်သွင်း ရေမြောင်းဟောင်းလေး တွေက ရေကိုပဲ အိမ်ထဲမှာ စိမ့်ရေတွင်း တူးကာ စစ်ယူ သုံးစွဲခဲ့ရသည်။ အများစုကတော့ အိမ်ရှေ့မြောင်းထဲမှာပင် မျက်နှာသစ်ကြ ဆေးကြောကြ ရေချိုးခဲ့ကြသည်။ ကျွန်တော်က ထိုအကြောင်းကို ဧရာဝတီဂျာနယ်တွင် ယခုလို ရေးသားခဲ့ဖူးသည်။

“မနက် ၅ နာရီခွဲပေမယ့် နွေဦးပေါက်ပြီမို့ နေထွက်တာ စောနေတယ်။ အိမ်ရှေ့လမ်းလေးကနေ ၂၆ဘီလမ်း ဘက် ထွက်လိုက်တော့ ပိတ်စွယ်ရိုင်းပင်တွေနဲ့ တောထနေတဲ့ ခြံဝင်းအကျယ်ကြီး အကျော်မှာပဲ ကလေးငိုသံ စူးစူးဝါးဝါး တစ်ချက် ကြားလိုက်ရတယ်။ ကလေးငိုသံနဲ့ အတူ မိန်းမတစ်ယောက် အသံကလည်း ကပ်ပါလာတယ်။ “ဟဲ့… မြန်မြန်လာဟဲ့၊ ကလေးက နို့ဆာလို့ နေမှာ၊ မနက်လင်းရင် ကလေးနို့တိုက်ပြီးမှ လုပ်စရာရှိတာ လုပ်ပါရောလား” တဲ့။ ကျွန်တော် လမ်းလျှောက်ထွက်တဲ့ မြေလမ်းလေးဘေးမှာ ၂ ပေသာသာ မြောင်းလေး ရှိတယ်။ ဒီမြောင်းလေးက မိုးတွင်းဆိုရင် မိုးရေတွေနဲ့ ပြည့်နေတယ်။ မြောင်းလေး အရှည်ကပေ ၈၀၊ ၁၀၀ လောက်တော့ ရှိမှာပေါ့။ နွေအခါ မိုးမကျသေးရင် မြောင်းလေးက ရေမရှိသလောက် နည်းသွားရင်တော့ ၂၆ ဘီလမ်း ဘက်မှာ ရှိတဲ့ ရေနီမြောင်း လက်တက်က ရေကို ဖောက်ချ သွယ်ယူရတယ်။ ဆောင်းတွင်း ဆိုရင်တော့ မိုးတွင်း တစ်တွင်းလုံး လှောင်ထားတဲ့ ရေတွေနဲ့ မြောင်းလေးမှာ ပြည့်နေတာပေါ့။

အခု… ကလေးငိုသံက မြောင်းလေးအစ မြောက်ဘက်ထိပ် ရှိတဲ့ အိမ်လေးတစ်လုံး ကပါ။ ကလေးငိုသံနဲ့ အိမ်ထဲက မိန်းမတစ်ယောက် အသံကြောင့် မြောင်းလေးပေါ်က တံတားလေးမှာ အဝတ်တွေ ဖွပ်နေတဲ့ တစ်ကိုယ်လုံး နနွင်းဝါဝါ၊ တဘက် ခေါင်းပေါင်းနဲ့ မိန်းမတစ်ယောက်က “လာပြီအမေရေ၊ အမေ့မြေးက တစ်ညလုံး ဝမ်းတွေ သွားထားတာ၊ အနှီးတွေရော၊ သူ့အဖေ ပုဆိုးတွေရော ကုန်ပြီ။ အခု အဲဒါတွေ လျှော်နေတာ အမေရေ၊ ပြီးပြီ ပြီးပြီ။” တဲ့။

ရှေ့ဆက် လမ်းလျှောက်လိုက်တော့ ကလေးငိုတဲ့ အိမ်လေးနဲ့ နှစ်အိမ်ကျော်လောက်မှာ လမ်းဘေး ကုက္ကိုပင် အောက် ရပ်ထားတဲ့ တွန်းလှည်းလေးပေါ် အငွေ့တထောင်းထောင်းနဲ့ ရေနွေးတည်ထားတဲ့ ဒန်အိုးတစ်လုံး ပွက်ပွက်ဆူ နေတယ်။ တွန်းလှည်းလေးပေါ်မှာ ငရုပ်ဆီပုလင်း၊ ငံပြာရည်ပုလင်း၊ ခေါက်ဆွဲကြော်ဇလုံ၊ မုန်လာချဉ်ဘူး၊ နံနံပင်စိမ်း စတာတွေ ရှိတယ်။ အဲဒီတွန်းလှည်းလေးနဲ့ လမ်းခြားပြီး စောစောက ရေမြောင်းလေးပေါ်က လူကူးတံတားလေးပေါ်၊ မနက် ၄ နာရီခွဲလောက်ကမှ ကံရွာဘက်က သယ်လာတဲ့ အမဲဝမ်းတွင်းသား (အမဲပုဆိုးကြမ်း) တွေကို နွားဗိုက်ထဲက ထုတ်လာကာစ မကြာသေးလို့ အငွေ့တထောင်းထောင်းနဲ့ ဝါးခြင်းတောင်း တစ်လုံးထဲ ထည့်ထားတယ်။ နွားဝမ်းတွင်း သားမှာ ပါလာတဲ့ အကျိအချွဲ၊ အညစ်အကြေးတွေကို ယောက်ျားသား တစ်ယောက်က မြောင်းရေကို ခွက်နဲ့ခပ်ပြီး ဝါးခြင်းတောင်းထဲ လောင်းကာ ဆေးနေတယ်။ အမဲဝမ်းတွင်းသားရဲ့ အကျိအချွဲ အညစ်အကျေးတွေ ပါလာတဲ့ ညီစို့စို့ ဝါကျင့်ကျင့် ရေတွေက မြောင်းထဲ ပြန်စီးကျလို့။

ရှေ့နား သုံးလေးအိမ်ကျော်မှာတော့ မနေ့ညက ညဉ့်နက်သွားပြီး နာရီပြန် ၁ ချက်ကျော်မှ အိမ်ပြန်ပို့ပေးပေမယ့် အခုမနက် ၇ နာရီမှာ ပြင်ဦးလွင်တက်ဖို့ လာခေါ်မယ် ဆိုလို့ မနက်စောစောထပြီး မနေ့ညက ကျန်တဲ့ မိတ်ကပ် အစွန်းအစ၊ မျက်ခွံမို့မို့၊ ကိုယ်လက် နွမ်းချိ လျော့လျဲစွာနဲ့ အိပ်မှုံစုံမွှား ထဘီရင်လျားနဲ့ ထလာတဲ့ ကာရာအိုကေညီမလေးက သွားတိုက်တံပေါ် ညှစ်ထားတဲ့ သွားတိုက်ဆေးအပေါ် မြောင်းထဲက ရေခပ်ပြီးလောင်း၊ ပလုတ်ကျင်းကာ သွားတိုက် နေတယ်။ စိတ်လက်ကြည်သွားအောင် ရေချိုးရင်း ခေါင်းလျှော်ပစ်မယ်။ ဒါ့ကြောင့် မြောင်းရေကို ဖလား အပြည့် ခပ်ပြီး မျက်နှာ၊ နဖူး၊ လည်ကုပ်နဲ့ ငယ်ထိပ်နေရာတွေကို ရေဆွတ်နေတယ်။ ပြီးတော့ Ushidoခေါင်းလျှော်ရည်ဗူး၊ Revlon မျက်နှာသစ်ဆေး ဗူးအဖုံးတွေ ဖွင့်နေတယ်။

အဲဒီအောက် နှစ်အိမ်ကျော်မှာတော့ အိမ်ရှင်မ တစ်ယောက်က ကလေးတွေ ကျောင်းအမီ ထမင်းဘူး ထည့်ပေးနိုင်ဖို့ ဒါန်အိုးထဲ ဆန်နို့ဆီဗူး ၂ လုံးထည့်ပြီး အဲဒီမြောင်းရေနဲ့ ဆန်ဆေးနေလေရဲ့။ ဆန်ဆေးနေတဲ့ အိမ်ရှင်မနဲ့ မလှမ်းမကမ်းမှာက မနက်စောစော ကျူရှင်က ပြန်လာတဲ့ ဆယ်တန်း ကျောင်းသူမက သူစားပြီးတဲ့ ထမင်းကြော် ပန်းကန်ကို အဲဒီမြောင်းရေနဲ့ ပယ်ပယ်နယ်နယ် ပွတ်သပ် ဆေးနေတယ်။ ရေမြောင်းလေးကတော့ ၂၆ ဘီလမ်းပေါ် တက်တဲ့ လမ်းလေးအောက်မှာ အမှိုက်တွေ ဒိုက်တွေရောပြီး ပျောက်ကွယ်သွားတယ်” ဟူလို။

လက်ရိုက် တွင်းလေးတွေ —————————- နောက်ပိုင်း အိမ်ခြေများလာ လူနေထူထပ်လာသောကြောင့် ထိုမြောင်းရေက အမှိုက်များနှင့် ရေသေ ဖြစ်သွားသော အခါ အိမ်ထဲမှာ လက်ရိုက် တွင်းလေးတွေ တူးကြသည်။ လက်ရိုက်တွင်းလေးတွေကလည်း ရေချိုရဖို့ ခဲယဉ်း၏။ ထို့ကြောင့် ရေနီမြောင်း ရေကိုပဲ ပုံးများနှင့် ခပ်ကာ အိမ်မှာလှောင်၍ သုံးကြရသည်။ အခုတော့ ရေစစ်ကန်က တဆင့် ပေးဝေသော ရေပေးရေး ရေကို ရရှိသောအခါ အဆင်ပြေသွားကြသည်။

ရပ်ကွက်လေးမှာ ကိုယ်ထူကိုယ်ထ ခင်းထားသော ကျောက်ပျက်လမ်းလေးတွေကလည်း မဆိုးလှဟု ပြောရမလို၊ လျှပ်စစ်မီးလည်း ရကြလို့ လမ်းမီးတွေလည်း အဆင်ပြေသည်။ အခု ရေလည်းရပြီ။ သည်တော့ ဂရန်ကိုပဲ မျှော်ကြရသည်။ ရက် ၁၀၀ ကတော့ ပြည့်ပါပြီ။ ဂရန်တွေက နှေးကွေးလေးလံဆဲလေ။ ထင်သလောက် ခရီးမရောက်၊ ကျွန်တော်ကတော့ စည်ပင်ကော်မတီဝင်များကတဆင့် ဂရန်ကိစ္စကိုပဲ နားစွင့်နေရသည်။ မိတ်ဆွေကော်မတီဝင်များက သည်တစ်ပတ် အစည်းအဝေးမှာ ဂရန်ကိစ္စပါတယ်ဗျ၊ ကိုဆူးတို့ရပ်ကွက်လည်းပါတယ်ဟု သတင်းကောင်းမျိုးကိုတော့ ကြားနေရသည်။ မဆိုးလှ စောင့်ရုံပေါ့ဟုပဲ အောက်မေ့ရသည်။

ဧည့်သည်က တွေ့ချင်လို့တဲ့ —————————— ကျွန်တော်ရောက်နေခိုက် ဖုန်းတစ်လုံးဝင်လာသည်။ ဖုန်းက နန်းရှေ့ဆရာတော်၏ ဖုန်းဖြစ်သည်။ ဆရာတော်က “ကိုဆူး၊ အခုဘယ်မှာလဲ၊ ဧည့်သည်တစ်ယောက်က တွေ့ချင်လို့တဲ့၊ ကျောင်းမှာရောက်နေတယ်၊ ကိုဆူး အခုလာခဲ့ပါ၊ ကားလွှတ်လိုက်မယ်၊ အိမ်မှာလား”တဲ့။ ကျွန်တော်က အိမ်မှာမရှိဘဲ ၆၆လမ်း ၂၆လမ်းနှင့် ၂၇လမ်းကြားက ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်မှာ ရောက်နေပါတယ်ဘုရား ဟု လျှောက်ထားသောအခါက ဆရာတော်က အဲ့ဒီနေရာကို ကားလွှတ်လိုက်မယ်၊ စောင့်နေပါကိုဆူး ဟု ပြန်၍မိန့်သည်။ ခဏနေတော့ ဆရာတော် လွှတ်လိုက်သောကား ရောက်လာလို့ အဖွဲ့ကိုနှုတ်ဆက်ပြီး ကားပေါ်တက်လိုက်ခဲ့သည်။ ကားက နန်းရှေ့ရှိ ဆရာတော့်ကျောင်းကို ဦးတည်သည်။ ကျောင်းထဲရောက်တော့ ဆရာတော်သီတင်းသုံးသည့် တိုက်လေးထဲမှာ ကျွန်တော့်ကို တွေ့ချင်သည်ဟူသော ဧည့်သည်ကို တွေ့လိုက်ရပါ၏။ အလိုလေး.. ဥိးတက်တိုး ရယ်လေ၊ ကျန်းကျန်းမာမာပါပဲဗျာ။

သရက်ကုန်းကို သေချာပေါက် လာကြည့်မယ် ———————————————— ဦးတက်တိုးက နေပြည်တော်ကပြန်လာတာတဲ့။ နေပြည်တော်ကနေ မန္တလေးမှာလည်း အလုပ်တစ်ခုရှိလို့ ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော်နှင့် လူချင်းမတွေ့ရတာကြာလို့ နန်းရှေ့ဆရာတော်ကျောင်းသို့ ရောက်သောအခါ ဆရာတော်က တဆင့် ခေါ်လိုက်ခြင်း ဖြစ်သည်။ ဦးတက်တိုးကတော့ အရင်အတိုင်းပါပဲ။ သိပ်မပြောင်းလဲ။ ကျွန်တော့်ကို တွေ့တော့ ထုံးစံအတိုင်း ရပ်ကွက်အခြေအနေမေးသည်။ ကျွန်တော်က အခြေအနေကောင်းသည့်အကြောင်း ပြောပြတော့ ဦးတက်တိုး က ဝမ်းသာနေ၏။ သူက သတင်းစာနှင့် ဂျာနယ်တွေထဲမှာပါသော ကျွန်တော့် ဆောင်းပါးတွေကို စောင့်ဖတ် ကြောင်းလည်း ပြောသည်။

ထိုစဉ်က ကျွန်တော်သည် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသော ကြေးမုံသတင်းစာတွင်လည်း ဆောင်းပါးတွေ အပတ်စဉ် ရေးသည်။ ကြေးမုံသတင်းစာမှာ သရက်ကုန်းမြေရာ ကိစ္စကိုပင် ကျွန်တော်က ဆောင်းပါး တစ်စောင် ပွင့်ပွင့်လင်းလင်း ရေးခဲ့ဖူးသည်။ ထို့ပြင် စံတော်ချိန်အပါအဝင် ပုဂ္ဂလိက သတင်းစာ ဂျာနယ်တွေမှာလည်း အပတ်စဉ် ရေးသည်။ ထို့ကြောင့် ကျွန်တော့်ဆောင်းပါးတွေက တနင်္လာမှသည် တစ်ပတ်လုံး နေ့စဉ်လိုလို သတင်းစာ ဂျာနယ် စာမျက်နှာများတွင် ပါဝင်ခဲ့သည်။ တကယ်တော့ ကြေးမုံမှာ ရေးဖြစ်တာက ၂၀၁၅ အစိုးရသစ်မတက်ခင် ၂၀၁၃ – ၁၄ ခုနှစ် ယခင်အစိုးရ လက်ထက်ကတည်းက ဖြစ်သည်။

ထိုစဉ်ကာလ ကျွန်တော်နှင့် ရင်းနှီးသော ပြန်ကြားရေးဝန်ကြီးက မန္တလေး လူထု စာကြည့်တိုက် တွင် လူထုမိသားစု အပါအဝင် ကျွန်တော်တို့နှင့် အလွတ်သဘော တွေ့ဆုံကြစဉ် ကျွန်တော့်ကို ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ရေးသားဖို့ ဖိတ်ခေါ်သည်။ ကျွန်တော်က ကျွန်တော့်စာမူကို မပယ်ရေး မဖြတ်တောက်ရေးမူ အပါအဝင် အကယ်၍ မဖြစ်မနေ တည်းဖြတ်ရန် လိုအပ်လျှင် ဝန်ကြီးကိုယ်တိုင် ကျွန်တော့်ကို အသိပေး ညှိနှိုင်း သဘောတူညီ ချက်ဖြင့်သာ တည်းဖြတ်ရန်ဟူသောမူဖြင့် ကြေးမုံ မြန်မာ့အလင်းတွင် ရေးသားခဲ့သည်။ နောက်တော့ ကြေးမုံမှာပဲ ရေးသားခဲ့တာ ၂၀၂၁ခု ဇန်နဝါရီ လကုန်အထိ ဖြစ်ပါ၏။ ထိုမျှသာမက အက်ဖ်အမ် ပုဂံနှင့် မန္တလေး အက်ဖ်အမ် ရေဒီယို အစီအစဉ်တို့တွင်လည်း ကျွန်တော့် အစီအစဉ်တွေ အပတ်စဉ် ထုတ်လွှင့်ခဲ့သည်။ သည့်အရင်ကလည်း အာရ်အက်ဖ်အေ ရေဒီယိုအစီအစဉ်မှာ ကျွန်တော်က အပတ်စဉ်ဆောင်းပါးတွေ ထုတ်လွှင့်ခဲ့တာ ၂နှစ်နီးပါးမို့ ရေဒီယို ပရိသတ်ကလည်း သတိထားမိကြသည်။ ထို့ကြောင့် ရေဒီယိုနှင့် သတင်းစာကို မျက်ခြည်မပြတ်ခဲ့သော ဦးတက်တိုးကလည်း ကျွန်တော်နှင့် လူချင်း မတွေ့ဆုံ ရသော်လည်း အဆက်မပြတ် တွေ့ထိနေခြင်း ဖြစ်သည်။

“ငါ့ကွာ သတင်းစာထဲမှာ မန္တလေးက ရပ်ကွက်တစ်ကွက် ရဲနဲ့ ဝင်ဖျက်ပြီး သိမ်းတယ် ဆိုတာ မင်းတို့ ရပ်ကွက် ထင်တာကိုး၊ ဒီတစ်ခါတော့ သွားပြီနဲ့ တူတယ်၊ ဒီကောင့် ဝဋ်ကြွေးကလည်း မပြီးနိုင်ပါလားလို့ တွက်လိုက်တော့တာ၊ ဒါနဲ့ ငါလည်း သတင်းစာတိုက်ကို မင့်ဖုန်းနံပတ်လှမ်းမေးပြီး မင်းဆီ ဆက်လိုက်ရ တာကွ” ဟု ပြောပြသည်။ “အခုလည်း နေပြည်တော်ရောက်တော့ ကိုဝင်းမြင့်နဲ့ တွေ့လို့ ပြောခဲ့ရသေးတယ်၊ ခင်ဗျားတို့ အစိုးရ နောက်ရွေးကောက်ပွဲလည်း မဲရချင်ရင် မြေသိမ်းယာသိမ်းတွေမလုပ်နဲ့၊ ဝင်မပါနဲ့လို့ ပြောခဲ့ရသေးတယ်” ဟုလည်း တဆက်တည်း ပြောသည်။

မပြောဘူးလို့ နေတာ၊ မထူးပါဘူးကွာ ပြောလိုက်ပါဦးမယ် ————————————————————- သူက ကိုင်း အေးအေးဆေးဆေး စကားပြောကြရအောင် ဒီမှာပဲ ထမင်းစားကွာ ဟု ဆိုသည်။ ထို့နောက် ဆရာတော့် ကျောင်းရှေ့က အဆောင်လေးမှာပဲ သူနှင့် စကားတွေ အတော်ပြောဖြစ်သည်။ ဦးတက်တိုးက စကားပြောလျှင် အရင်လိုတော့ ချောင်း တဟွတ်ဟွတ် မဆိုးတော့။ သို့သော် မောမောနေလို့ နားနားပြီး ပြောသည်။ သူက “မပြောဘူးလို့ နေတာ၊ မထူးပါဘူးကွာ ပြောလိုက်ပါဦးမယ်” ဟု ဆိုပြီး အတော်များများပြောသည်။ အထူးသဖြင့် သူတို့မင်းသား ကျဆုံးခန်း ကာလ အခြေအနေများကိုပေါ့။ ထိုကိစ္စနောက်ပိုင်း အခြေအနေများကိုရောပေါ့။ သူက ထိုစဉ်ကတည်းက အရပ်သားအစိုးရဆိုတာ ရေရှည် ဖြစ်နိုင်ဖွယ် မမြင်ကြောင်း မထူးပါဘူးကွာ ပြောလိုက်ပါဦးမယ်ဟု စကားခံပြီး ပြောပြသည်။ ကျွန်တော်ကတော့ သက်ပြင်း တချချပေါ့။ ကုန်လွန်ခဲ့သော နှစ်၂၀နီးပါးက ခြေတံလက်တံကလည်း ပြတ်နိုင်ခဲဖိခြင်း ဟုလည်း စိတ်ထဲ တွေးနေမိသည်။

စကားအတော်များများ ပြောပြီးနောက် ဆရာတော်စွန့်သော ဆွမ်းကို အတူစားကြပြီး သူက သွားစရာ တစ်နေရာရှိလို့ ကျွန်တော်က ပြန်ခဲ့သည်။ “နက်ဖြန်မနက် ၉နာရီလောက် လာခဲ့ကွ၊ မင်းနဲ့ နန်းရှေ့က နံမည်ကြီးတဲ့ ကြိုင်သင်းမှာ လက်ဖက်ရည်သောက်ပြီး မင်းတို့ သရက်ကုန်းရပ်ကွက်ကို ကားနဲ့ ပတ်ကြည့်မယ်ကွာ” ဟု ပြောလို့ သည်တစ်ခါ ဦးတက်တိုးလည်း ရပ်ကွက်ထဲ တကယ်ရောက်ဖူးသွားပြီဟု တွေးရင်း ဝမ်းသာသွားသည်။ ထို့နောက် ကျွန်တော်လည်း ပြန်ခဲ့သည်။ နောက်ရက် မနက်ကျ ကျွန်တော်လည်း ချိန်းထားသည့် အချိန် ကျောင်းရောက်သွားတော့ ဦးတက်တိုးက “စာရေးဆရာရေ..၊ မင်းတို့ ရပ်ကွက်ထဲ မလိုက်နိုင်တော့ဘူးကွ၊ နေပြည်တော်ကို အခုပဲ ချက်ချင်း ပြန်သွားရတော့မယ်၊ ငါလည်း မန္တလေးကို မကြာမကြာရောက်ဦးမှာပါ၊ နောက်တစ်ခေါက်ပေါ့ကွာ” ဟု ပြောရင်း ကျွန်တော့်ကို ပုခုံးညှစ်၍ နှုတ်ဆက်ပြီး ကားပေါ်တက်သွားသည်။

ကိုယ်ရေးကိုယ်တာ ဖိုင်တွေအကုန်လုံး ကိုင်ထားတာနော် ———————————————————– ထိုနေ့က ဦးတက်တိုးကို နောက်ဆုံးတွေ့လိုက်ရခြင်း ဖြစ်ပါ၏။ နောက်တစ်လလောက်နေတော့ သူ့သတင်းကို ဝမ်းနည်းဖွယ် ကြားလိုက်ရသည်။ အလုပ်ကိစ္စအတွက် ခရီးထွက်ရင်း မြဝတီ်ဖက်မှာ နာမကျန်းဖြစ်သတဲ့။ ထို့ကြောင့် မဲဆောက် ဆေးရုံကို တင်ရသတဲ့။ မဲဆောက်ဆေးရုံကတဆင့် ဘန်ကောက်ဆေးရုံအသွား လမ်းမှာတင် ဆုံးသတဲ့။ ၂၀၀၅ခုနှစ်လောက်ကတည်းက ကျွန်တော်တို့ သရက်ကုန်းရပ်ကွက်လေးကို လာကြည့်ဦးမည်ဟု အားခဲထားသည့် ဦးတက်တိုးလည်း သရက်ကုန်းသို့ မရောက်ဖြစ်ခဲ့တော့။

ကျွန်တော်က သူ့သတင်းကြားတော့ နန်းရှေ့ဘုန်းကြိးကျောင်းမှာ သူစကားတွေကို ကြားယောင်နေ၏။ ပြောလက်စ စကား အရှိန်ကောင်းနေရာမှ တစ်နေရာအရောက် စကားရပ်သွားပြီး ကျွတ်ခနဲ စုပ်သပ်ကာ ဆက်ပြောသင့် မပြောသင့် တခဏ စဉ်းစား၍ “မပြောဘူးလို့ နေတာ၊ မထူးပါဘူးကွာ ပြောလိုက်ပါဦးမယ်” ဟု ဆိုပြီး အိပ်သွန်ဖာမှောက် ပြောသွားခဲ့တာ သတိရနေမိသည်။ “ဟေ့ စာရေးဆရာ၊ ဒို့မင်းသားတုန်းက တစ်ဖက်အုပ်စုကို မင်းတို့ ဘာတတ်နိုင်သေးလဲ၊ မင်းတို့ ကိုယ်ရေးကိုယ်တာ ဖိုင်တွေအကုန်လုံး ငါတို့ကိုင်ထားတာနော် လို့ ဘဝင်မြင့်ခဲ့လို့ ခံခဲ့ရတာကွ။ အခုလဲ..” ဟု မှတ်မှတ်ရရ သတိပေးခဲ့ ပြောခဲ့တာ ကြားယောင် မိသေးသည်။

ရပ်လိုက်ပြန်ပြီတဲ့ ———————- ထိုစဉ်ကာလ သရက်ကုန်းမြေ ဂရန်ကိစ္စကတော့ ဆက်လက် လုပ်ကိုင်ပေးနေသော်လည်း မြန်ဆန်ဖို့က မလွယ်ကူ လှသေးပေ။ မန္တလေးမြေရာ ကိစ္စတွေကလည်း ခေတ်အဆက်ဆက် သပွတ်အူမို့ အရှုပ်သား၊ မရှင်းအခက် ရှင်းအခက်ကလည်း အများသား။ သည်လို တရွေ့ရွေ့ တဖြည်းဖြည်းနှင့် အရှုပ်တွေဖယ်ကာ သွားရင်း တစ်နေ့သားတွင် မိတ်ဆွေ စည်ပင်ကော်မတီဝင် တစ်ဦးက သတင်းပေးသည်။ “ကိုဆူးတို့ ရပ်ကွက် ဂရန်ချထားရေးကို ခေတ္တရပ်ဆိုင်း လိုက်ပြီဗျ” တဲ့။ သူက တယ်လီဖုန်းဖြင့်ပဲ ကနဦးသတင်းပေးသည်။ လူချင်းတွေ့မှ ရှင်းပြပါ့မယ်ဟုလည်း ပြောလို့ သူအလာကို မျှော်ရပြန်ချေပေါ့၊ အိုဘယ့် သရက်ကုန်းရယ်..။

ဆူးငှက်

မူရင်းသတင်း — Voice of Myanmar