
ငလျင်ကြောင့်ပြိုကျခဲ့သည့် sky villa မြေနေရာအား ကြမ်းခင်းစျေး သိန်းပေါင်းလေးသိန်းဖြင့် လေလံတင်ရောင်းချမည် ဖြစ်ရာ ကုမ္ပဏီမှ ရာခိုင်နှုန်း ၄၀၊ အခန်းရှင်များမှ ရာခိုင်နှုန်း ၆၀ ဖြင့် ခွဲဝေသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။
ငလျင်ဒဏ်ခံ Sky Villaကွန်ဒို အဆောက်အဦးမြေနေရာ လေလံတင်ရောင်းချရေးနှင့်ခွဲဝေရေးအစီစဉ်အတွက် NTLကုမ္ပဏီနှင့် အခန်းပိုင်ရှင်များမှ သတင်းမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲကို နိုဝင်ဘာလ၁၅ရက်က အောင်မြင်ခြင်း ဟိုတယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် NTLကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်း၏ ဇနီးဖြစ်သူ ဒေါ်သက်သက်ခိုင်နှင့်တာဝန်ရှိသူများ၊ လေလံ ကော်မတီအဖွဲ့ဝင်များ၊ ကွန်ဒိုအခန်းပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး မြေနေရာလေလံတင်ရောင်းချပြီး အချိုးကျခွဲဝေပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
" အဆင့်ဆင့်စည်းဝေးတိုင်ပင်မှုတွေအရ ဥပဒေကြောင်းထိမသွားတော့ဘဲ မြေနေရာရောင်းချပြီး အချိုးကြခွဲဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကုမ္ပဏီပိုင်ဆိုင်မှုက ရဝရာခိုင်နှုန်းလောက် ရှိပေမယ့် ၄ဝရာခိုင်နှုန်းပဲ ယူမယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ အခန်းရှင်တွေ ယူမယ်။ ကြမ်းခင်းစျေးကိုတော့ ကျွန်တော်တို့ သိန်းလေးသိန်း သတ်မှတ်ထား တယ်။ ပေါက်စျေးက ၆သိန်းလောက် ရှိပါတယ်။ ရလာတဲ့ ငွေကို အခန်းရှင်တွေရဲ့ square feetတွေနဲ့ စုစုပေါင်း totalနဲ့ စားပြီး one square feet နှုန်းထွက်လာမယ်။ ထွက်လာတဲ့ နှုန်းထားအလိုက် အစဉ်အဆက်စိစစ်ပြီး ကော်မတီက ခွဲဝေပေးမှာ ဖြစ်ပါတယ်။ ခုသတင်းစာရှင်းပွဲမှာ ပွင့်ပွင့်လင်းလင်းချပြပြီးတာနဲ့ သတင်းစာမှာ ကြေညာမယ်။ လေလံကိစ္စတွေ စတင် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်" ဟု လေလံကော်မတီအဖွဲ့ဝင်တစ်ဦး က ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြေနေရာကို အဆောက်အဦး ပြန်လည်တည်ဆောက်ရန်အတွက် သော်လည်းကောင်း၊ လျော်ကြေး အနေဖြင့် ပေးရန်သော်လည်းကောင်း ကုမ္ပဏီအနေဖြင့် စသည့်အခက်အခဲများရှိနေသလို တချို့အခန်းရှင်များသည်လည်း ငွေလိုအပ်ချက်များ ရှိနေသောကြောင့် အားလုံးပြေလည်ရန် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
Sky Villa ကွန်ဒိုတွင် အခန်းပေါင်း ၂၃၃ခန်းရှိသည့်အနက် ရောင်းချထားသည့်အခန်း ၇၉ခန်း သာရှိပြီး ကျန်သည့်အခန်း များမှာ ကုမ္ပဏီပိုင်အခန်းများသာဖြစ်ကြောင်း ပိုင်ဆိုင်မှု ရာခိုင်နှုန်းအနေဖြင့် ၇၀ ရာခိုင်နှန်းရှိသော်လည်း အခန်းပိုင်ရှင် များ၏ ဆုံးရှုံးမှုများကို လူသားခြင်းစာနာသောအားဖြင့် ၄ဝရာခိုင်နှန်းသာ ယူခြင်းဖြစ်ကြောင်း NTLကုမ္ပဏီပိုင်ရှင်၏ ဇနီးဒေါ်သက်သက်ခိုင်က ပြောကြားခဲ့သည်။
လူနှစ်ရာကျော်သေဆုံးခဲ့သည့် Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းအား အောင်မြေသာစံခရိုင်တရားရုံးမှ ထောင်ဒဏ် ရနှစ် ချမှတ်ထားသည်။